A d v e r t i s e m e n t With Us

ကျားမ တန်းတူညီမျှရေးကို ရန်သူသဖွယ်မဟုတ်ဘဲ မိတ်ဆွေလို ဆောင်ရွက်ရန် တိုက်တွန်း 

အမျိုးသမီး၊ အမျိုးသား တန်းတူညီမျှရေးလုပ်ရာမှာ ရန်သူသဖွယ်မဟုတ်ဘဲ မိတ်ဆွေ မောင်နှမအရင်းအချာတွေလို ဆောင်ရွက်သွားကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းပြောကြားလိုက်ပါတယ်။  ဇူလိုင် ၃ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC-2)မှာ ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ဦးဆောင်ကျင်းပတဲ့ မြန်မာ အမျိုးသမီးများနေ့ အခမ်းအနားမှာ ပြောသွားတာပါ။ ကျား၊ မ ရေးရာတန်းတူညီမျှမှုနဲ့ အမျိုးသမီးတွေစွမ်းဆောင်ရည် မြင့်မားလာနိုင်စေမယ့် လူမှုကာကွယ်စောင့်ရှောက် ရေးစနစ်တွေ၊ လူမှုရေးရာဝန်ဆောင်မှုတွေနဲ့ လုပ်ထုံးလုပ်နည်း ယန္တရားတွေအတွက် ဆန်းသစ်တဲ့နည်းလမ်းတွေကိုလည်း ဖော်ထုတ် ဆောင်ရွက်သွားကြဖို့  တိုက်တွန်းသွားပါတယ်။ ဒါ့အပြင် ကလေးတွေကို ငယ်စဉ်ဘ၀ကတည်းက ပြုစုပျိုးထောင်သွားဖို့၊ အမျိုးသမီတွေ အနေနဲ့ ကလေးတွေကို စိတ်ထဲမှာ ဘယ်လိုစံနှုန်းထားတွေ စွဲသွားစေချင်တယ်ဆိုတာ ကို သေသေချာချာစဉ်းစားပြီး ပြုစုပျိုးထောင်ဖို့လည်း တိုက်တွန်းပါတယ်။  မြန်မာနိုင်ငံရဲ့ ပညာရေးလောကမှာ  ဦးဆောင် နေတာဟာ အမျိုးသမီးတွေဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။   “ကျမတို့ရဲ့ ပညာရေး ကဏ္ဍမှာဆိုရင် ဆရာတွေထဲမှာ ၉၀ ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေဖြစ်နေပါတယ်။ ကျမတို့ကတော့ အမျိုးသားတွေ ပိုပြီးဝင်လာတာကို မြင်ချင်ပါတယ်။ အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းကို လျှော့တွက်လို့မရပါဘူး။ ပညာရေးလောကမှာ ဦးဆောင် နေတာဟာ အမျိုးသမီးတွေဖြစ်တယ်ဆိုရင် မမှားပါဘူး။ ဒီလိုပြောခြင်းဟာ ကျမအနေနဲ့ တက္ကသိုလ်ပါမောက္ခတွေကိုဆိုလိုတာ မဟုတ်ပါဘူး။ မူလတန်း ကျောင်းဆရာ ဆရာမတွေကို ပြောတာပါ။ မူလတန်း ကျောင်းဆရာ ဆရာမတွေရဲ့ကဏ္ဍဟာ အင်မတန်မှအရေးကြီးပါတယ်။ ကျမတို့အမျိုးသမီးများဟာ မိသားစု အတွင်းမှာတင်မဟုတ်ဘူး။ ပညာရေးလောကအတွင်းမှာ၊ လူမှုအသိုင်းအ၀ိုင်းအတွင်းမှာ အင်မတန်မှ အရေးပါတဲ့ကဏ္ဍရှိနေပါပြီ။ ဒီအရေးပါတဲ့ ကဏ္ဍမှာရှိနေတဲ့ အခြေအနေကို နိုင်ငံအတွက်အကောင်းဆုံးဖြစ်အောင် လုပ်စေချင်ပါတယ်။”  မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဖွဲ့စည်းခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ကျင်းပခဲ့တာဖြစ်ပါတယ်။  အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်သမ္မတ (ဟောင်း) ဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင်၊ ဒုသမ္မတ ဦးမြင့်ဆွေရဲ့ဇနီး ဒေါ်ခင်သက်ဌေး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ရဲ့ ဇနီး ဒေါ်ရင်မေ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းရဲ့ ဇနီးနန့်ကြင်ကြည်အပါအ၀င် အမျိုးသမီးရေးရာအဖွဲ့တွေနဲ့ ကျောင်းသူကျောင်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။   ဒီအခမ်းအနားမှာ အမျိုးသမီးအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖလှယ်ပွဲတွေ၊ ဖျော်ဖြေပွဲတွေနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ လူမှုအကျိုးပြုဆောင်ရွက်မှု မှတ်တမ်း ဓာတ်ပုံပြပွဲတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။ ဓာတ်ပုံ-State Counsellor

A d v e r t i s e m e n t With Us

More News
Up