မီးခွက်ဈေးအနီးတွင် အငှားယာဉ်တစီး လုယက်ခံရ
DVB
·
July 4, 2019
ရန်ကုန်တိုင်း မီးခွက်ဈေးအနီးမှာ အဌားယာဉ်မောင်းထံကနေ ခရီးသည် ၂ ဦးက အဌားယာဉ်လုယူမှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဇူလိုင် ၂ ရက်နေ့ ည ၉ နာရီခွဲမှာ ဦးစန်းလွင်မောင်းလာတဲ့ FF/×××× Fielder ယာဉ်(ငှား)အား ဆင်မင်းဈေးအလွန် ကရင်ခြံထိပ်အရောက်မှာ အမည်မသိအမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့က လှိုင်သာယာမြို့နယ်၊ နဝဒေးကို ပို့ဆောင်ပေးဖို့ ငွေ ၅,၀၀၀ ကျပ်နဲ့ ငှားရမ်းတာကြောင့် လိုက်လံပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
နဝဒေး ရောက်ရှိစဉ် မီးခွက်ဈေးအောက်ထိပ်ကို ထပ်မံပို့ဆောင်ခိုင်းတာကြောင့် ဆက်လက်မောင်းနှင်လာစဉ် မီးခွက်ဈေးအောက်ထိပ်မရောက်မီ အဆိုပါအမျိုးသားက နောက်မှနေပြီး ဦးစန်းလွင်ရဲ့ လည်ပင်းအား မာကျောသောအရာ ၁ ခုနဲ့ ထောက်ကာ “ကားပေါ်ကဆင်း၊ ကားပါယူမည်” ဟု ပြောဆိုကာ ငွေ ၉၀,၀၀၀ ကျပ်၊ Huawei Y 6 အမျိုးအစားလက်ကိုင်ဖုန်း ၁ လုံးနဲ့ FF/×××× Fielder ယာဉ်(ငှား)၊အား ယူဆောင်သွားခဲ့ပါတယ်။
အမည်မသိ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး (ဖမ်းမမိ) တို့အား လှိုင်သာယာမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၂ (သေစေရန်၊ နာကျင်စေရန် ပြင်ဆင်၍ ကျူးလွန်သော ခိုးမှု) ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။