Home
မြန်မာသတင်း
ဈေးနေရာသစ်မပြောင်းရွှေ့ရန် ထီးချိုင့်ပျံကျဈေးသည်များ ဆန္ဒပြ
DVB
·
July 4, 2019
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့က ထီးချိုင့်မြို့မဈေးတန်းနဲ့ ကပ်နေတဲ့ ပျံကျဈေးတန်းနေရာကို မပြောင်းရွှေ့ဖို့ ဈေးသည် ၁၀၀ လောက်က ဇူလိုင် ၃ ရက်နေ့မှာ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ မူလဈေးနေရာကနေ ပေ ၁၀၀ လောက်အကွာမှာရှိတဲ့ ပျံကျဈေးတန်းနေရာအသစ်မှာ ပြောင်းရွှေ့ပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး နေရာမပြောင်းဘဲ လက်ရှိနေရာမှာပဲ ဆက်လက်ရောင်းချလိုတဲ့ ဈေးသည်တွေက  ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ထီးချိုင့်မြို့က ပျံကျဈေးနေရာဟာ မြို့မဈေးရဲ့ ဘေးကပ်လျက်မှာ တည်ရှိပြီး ဒီဈေးသည်တွေဟာ ဒီနေရာမှာ ဈေးကောက်ပေးဆောင်ကာ ၁၅ နှစ်ကျော် ရောင်းချခဲ့ကြတာဖြစ်ကြောင်း၊ လက်ရှိမှာ အဆိုပါ ပျံကျဈေးနေရာကို မြို့နယ်စည်ပင်သာယာရေး ကော်မတီက ပြောင်းရွှေ့ဖို့ ကြေညာချက်ထုတ်ပြန်ထားတာကြောင့် ဈေးသည် ၁၀၀ လောက်က ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။ အဆိုပါပျံကျဈေးနေရာမှာ လက်ရှိရောင်းချနေသူ  ၃၀၀ လောက်ရှိပြီး နောက်ထပ်ပြောင်းရွှေ့ ပေးမယ့် နေရာအသစ်မှာ ရာသက်ပန်ချထားပေးမပေး မသေချာတဲ့အတွက် မပြောင်းရွှေ့ လိုတာလို့  ပျံကျဈေးသည် ဒေါ်စိုးစိုးဦးကပြောပါတယ်။ အသစ်ချပေးမယ့်နေရာဟာ မိုးရွာသွန်းပါက ရေကြီးရေလျှံဖြစ်တတ်တဲ့အတွက် ရောင်းချလိုခြင်း မရှိဘူးလို့လည်း ဈေးသည်တွေကပြောပါတယ်။ ဒါ့အပြင် ဈေးနေရာသစ်ပြောင်းရွှေ့ရေးဆောင်ရွက်တာဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဆိုပါတယ်။ ပျံကျဈေးသည်တွေ နေရာရွှေ့ထားဖို့ စည်ပင်ကော်မတီက လျှောက်လွှာတင်ခိုင်းရာ မှာလည်း လျှောက်လွှာမှာ ပါတဲ့အချက်တွေကို ဈေးသည်တွေ မသိရှိခဲ့ရကြောင်း၊ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပျံ့နှံ့လာမှသာ စည်းကမ်းချက်တွေကို သိရှိခဲ့ရပြီး လျှောက်လွှာမှာပါတဲ့ စည်းကမ်းချက်အချို့ကို လက်မခံနိုင်တဲ့အတွက် လျှောက်လွှာမတင်တဲ့သူတွေရှိတယ်လို့  ပျံကျဈေးသည် ဒေါ်နွယ်နွယ်စန်းကပြောပါတယ်။ အခုချထားပေးမယ့်နေရာဟာ ယာယီချထားနေရာဖြစ်တာကြောင့် ထပ်မံပြောင်းရွှေ့ခိုင်း ပါက မူလပျံကျဈေးနေရာမှာ ရောင်းချခွင့်မရှိတော့မှာကိုလည်း စိုးရိမ်ပူပန်နေကြတာလို့ သိရပါတယ်။  လက်ရှိ ပျံကျဈေးနေရာမှာလည်း ဈေးကောက်လာရောက်ကောက်ခံပေမယ့် သန့်ရှင်းရေး လုပ်ဆောင်ပေးတာတွေ မရှိဘူးလို့ ပျံကျဈေးသည်  ဒေါ်ရီရီဝင်းက ဆိုပါတယ်။ အဆိုပါဈေးနေရာမှာ လမ်းပေါ်ကျူးရောင်းချနေသူ တချို့ကိုလည်း စနစ်တကျဖြစ်အောင် ဆောင်ရွက်ပေးစေလိုပြီး ပျံကျဈေးသည်တွေနဲ့ တာဝန်ရှိသူတွေအနေနဲ့ နှစ်ဖက်ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ ထီးချိုင့်မြို့ခံ တချို့က ပြောပါတယ်။ အခုလို ပြောင်းရွှေ့ဖို့ ဆောင်ရွက်တာဟာ လမ်းပေါ်ကျူးရောင်းချမှုတွေ၊ အညစ်အကြေး စည်းကမ်းမဲ့သွန်မှုတွေ၊ လမ်းသွားလာရခက်ခဲတာတွေကြောင့် ရပ်ကွက်က နှစ်ကြိမ်တိုင် တိုင်ကြားခဲ့တာကြောင့်လို့ သိရပါတယ်။  ဒါ့အပြင် တိုင်းဒေသကြီး စည်ပင်သာယာရဲ့ ညွှန်ကြားချက်အရ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီက ဦးဆောင်ကာ ဈေးပြောင်းရွှေ့ရေးအဖွဲ့တဖွဲ့ ဖွဲ့စည်းပေးခဲ့ပြီး စည်းကမ်းတကျ ဖြစ်အောင် စနစ်တကျပြောင်းရွှေ့ဖို့ ဆောင်ရွက်နေတာလို့ ထီးချိုင့်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဦးအေးက ပြောပါတယ်။ ဒါ့အပြင် ယာယီရွှေ့ပြောင်းတာမျိုးမဟုတ်ဘဲ အမြင့်နှစ်ပေနဲ့ ငါးပေပတ်လည် ဆိုင်ခန်းနေရာ ၃၀၀ ရေးဆွဲထားတဲ့အပြင် နေရာမရှိသူတွေရောင်းချဖို့ နေရာလွတ်တခုလည်း ရှိတယ်လို့ ဆိုပါတယ်။ လျှောက်ထားသူအားလုံးအတွက် ငါးပေပတ်လည် နေရာတကွက်ကို မဲနှိုက်ကာ အခမဲ့ချထားပေးမှာဖြစ်ပြီး အခု ဘက်ဂျက်နှစ်မှာ လေလံဆွဲထားဆဲဖြစ်တဲ့ ဈေးကောက်ကသာ နဂိုနှုန်းထားအတိုင်း ဈေးကောက်အခွန် ကောက်ခံမယ်လို့ သိရပါတယ်။ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးအေးက “အခုချထားမယ့်နေရာဟာ စားသုံးသူရေးရာ ဦးစီးဌာနက လုပ်ပိုင်ခွင့်ရခဲ့တဲ့ မြေနေရာဖြစ်ပြီး လက်ရှိမှာ စွန့်လွှတ်လိုက်ပြီး ဖြစ်ကြောင်းနဲ့ အစိုးရပိုင် မြို့မြေဖြစ်သွားပြီး စည်ပင်သာယာရေးကော်မတီက ဆက်လက်စီမံခန့်ခွဲခွင့်ရဖို့ လျှောက်ထားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ မြေအသုံးချခွင့် တရားဝင်ရပြီးပါက ဈေးကြီးတဈေးကို စနစ်တကျ တည်ဆောက်ပေးဖို့ ဆောင်ရွက်ပေးမှာဖြစ်တယ်”လို့ ပြောပါတယ်။ ဈေးနေရာအသစ်မှာ ရောင်းချဖို့ ပျံကျဈေးသည် ၃၀၀ လောက်ရှိတဲ့အထဲက လတ်တလော လျှောက်ထားသူ ၂၆၆ ဦးရှိပြီး ၁၆၆ ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းက နေရာချထားပေးခဲ့ကြောင်းနဲ့ ကျန်လျှောက်ထားသူတွေကို ဇူလိုင် ၄ ရက်နေ့မှာ မဲနှိုက်ချထားပေးမယ်လို့ ပြောပါတယ်။ ပျံကျဈေးသည်တွေ အနေနဲ့ ဇူလိုင် ၇ ရက်နေ့ နောက်ဆုံးထားပြောင်းရွှေ့ရမှာဖြစ်ပြီး ဆက်လက်ရောင်းချပါက စည်ပင်သာယာရေးဥပဒေအရ အရေးယူမယ်လို့ သိရပါတယ်။ လစ်လပ်သွားမယ့်မြေနေရာကိုတော့ အများပြည်သူသွားလာအသုံးပြုနိုင်တဲ့ နေရာအဖြစ် ၂၀၁၉/၂၀၂၀ ဘက်ဂျက်မှာ ကွန်ဂရစ်လမ်း ပြန်ခင်းပေးမှာဖြစ်တယ်လို့ ထီးချိုင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီကနေ ဆက်လက်သိရပါတယ်။ သတင်း- ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024