ကယ်လီဖိုးနီးယားတွင် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်

1.6K
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဘရူနိုမြို့က ကုန်တိုက်တန်းတခုမှာ ဇူလိုင်လ ၂ ရက်က သေနတ်သမား တယောက်ထက်မနည်း ပါဝင်တဲ့ ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် လူနှစ်ယောက် သေနတ်ထိမှန်ပြီး နောက်ထပ် နှစ်ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သေနတ်သမားကတော့ အနားက ရထားတစီးပေါ်ကို တက်ပြီး ထွက်ပြေးသွားပုံရတယ်လို့ ရဲတပ်ဖွဲ့က ဆက်ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာကို ရဲတပ်ဖွဲ့ဝင်တွေ အများအပြား ရောက်လာကြတဲ့ ရုပ်သံဖိုင်ဟာလည်း အင်တာနက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။
သေနတ်ထိမှန်ခဲ့သူ နှစ်ယောက်အား ဆန်ဖရန်စစ္စကို အထွေထွေဆေးရုံကို ပို့ဆောင်ပေး ခဲ့တယ်လို့ ဆန်ဘရူနိုမြို့နယ် ရဲတပ်ဖွဲ့မှူး အက်ဒ်ဘာဘာယီနီက သတင်းထောက်တွေကို ပြောပါတယ်။
သေနတ်သမားက တယောက် ဒါမှမဟုတ် နှစ်ယောက်ဖြစ်မယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပြီး သူတို့ဟာ အုတ်ကလန်မြို့ကိုသွားတဲ့ ရထားပေါ်ကို ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
ပစ်ခတ်မှုအတွင်း ထွက်ပြေးရင်းနဲ့ အသေးစား ဒဏ်ရာရသူ နှစ်ယောက်ကိုတော့ အခင်းဖြစ်တဲ့ နေရာမှာပဲ ကုသပေးခဲ့ပါတယ်။