ကယားပြည်နယ်ဌာနေတိုင်းရင်းသား နှီးနှောဖလှယ်ပွဲတားဆီးခံရမှု ကေအန်ပီပီကန့်ကွက်
DVB
·
July 3, 2019
ကယားပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားများ စာပေနှီးနှောဖလှယ်ပွဲကို တားဆီး ပိတ်ပင်တဲ့အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ)က ထုတ်ပြန်လိုက်ပါတယ်။
ဇူလိုင် ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီတားဆီးပိတ်ပင်မှုဟာ မြန်မာနိုင်ငံတွင်း လက်ရှိသုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်သလို ၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ တိုင်းင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကိုလည်း ချိုးဖောက်ရာ ရောက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကေအန်ပီပီအနေနဲ့ ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေဆွေးနွေးပွဲကနေတဆင့် ပြည်တွင်း ငြိမ်းချမ်းမှုတည်ဆောက်ရေးဖြစ်စဉ်ကို ပါဝင်ဖို့ ဆွေးနွေးနေရင်းမှာ အဓိကကျတဲ့အချက်တွေ အနက် ပြည်သူလူထုတင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရ တရပ်အနေနဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့ မွေးရာပါအခွင့်အရေးများကို လေးစားအသိအမှတ်ပြုမှုနဲ့ အမျိုသားတန်းတူရေးကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် အစိုးရအနေနဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ မွေးရာပါအခွင့်အရေးကို တားမြစ်ပိတ်ပင်တဲ့ လုပ်ရပ်ဟာ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်အပေါ် ယုံကြည်မှု ကျဆင်းစေတဲ့အတွက် ပြည်နယ်အစိုးရနဲ့ ပြည်နယ်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနရဲ့ ကယားပြည်နယ် ဌာနေ တိုင်းရင်းသားတို့ရဲ့ စာပေနှီးနှောဖလှယ်ပွဲကို တားဆီးပိတ်ပင်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်းလည်း ရေးသားဖော်ပြထားပါတယ်။
ကယားပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားများ စာပေနှီးနှောဖလှယ်ပွဲကို ဇွန်လ ၂၉ ရက်နေ့ ပြုလုပ်ဖို့စီစဉ်ခဲ့တာဖြစ်ပြီး ဒီပွဲကို ရွေ့ဆိုင်ပေးဖို့ ကယားပြည်နယ်အစိုးရက ဇွန်လ ၂၈ ရက်နေ့မှာ ညွန်ကြားခဲ့တာပါ။