Home
မြန်မာသတင်း
Wisdom Hill ကျောင်းက ကလေးငယ်ကိစ္စ အမှုမှန်ပေါ်ပေါက်ရေး အမြန်လုပ်ဆောင်ရန် သမ္မတဟောင်း၏ ဇနီးတိုက်တွန်း
အောင်ကိုကိုလတ် (နေပြည်တော်)
·
July 3, 2019
နေပြည်တော်မှာရှိတဲ့ Wisdom Hill ကျောင်းမှာ အသက် ၃ နှစ်ခန့်အရွယ် ကလေးငယ်တဦး မဖွယ်မရာပြုကျင့်ခံခဲ့ရတဲ့ အမှုကို တာဝန်ရှိသူတွေအနေနဲ့ ဥပဒေဘောင် အတွင်းကနေ အမြန်ဆုံး အမှုမှန်ပေါ်ပေါက်ဖို့ ဆောင်ရွက်ပေးဖို့ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးထင်ကျော်ရဲ့ ဇနီးဒေါ်စုစုလွင်က တိုက်တွန်းပြောပါတယ်။ “အမှုမှန်ပေါ်ဖို့က ဖြစ်လာနိုင်ဖို့ကတော့ ကြိုးစားရမှာပေါ့။ တာဝန်ရှိတဲ့ သူတွေနဲ့ ဒီဥစ္စာကို တစိုက်မတ်မတ်နဲ့ တိတိကျကျ စနစ်တကျနဲ့ လုပ်ဖို့ကတော့ ကျမပြောမှ မဟုတ်ပါဘူး။ လူတိုင်း သိတဲ့ အလုပ်ပါ။ ကျမအနေနဲ့ကတော့ တာဝန်ရှိတဲ့သူတွေ တာဝန်ရှိတဲ့ ဘောင်အတွင်းမှာ အတတ်နိုင်ဆုံး လုပ်နိုင်ဖို့ ဒါကိုပဲ ကျမ တိုက်တွန်းတာပါ။ ကျမတို့အနေနဲ့ တိုက်တွန်းတဲ့ အလုပ်ပဲ လုပ်နိုင်တာလေ။ ကိုယ်တိုင်ကိုယ်ကျ လုပ်ရတဲ့သူတွေ မဟုတ်ဘူးဆိုတော့ ဒါပဲ ပြောနိုင်ပါ တယ်”လို့ ဒေါ်စုစုလွင်က ပြောပါတယ်။ ဒီကနေ့ ဇူလိုင်လ ၃ ရက်နေ့က နေပြည်တော်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ ၂ မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အခမ်းအနားမှာ ဖြေကြားခဲ့တာပါ။ အဲ့ဒီကလေးငယ်ကိစ္စ အမှုမှန်ပေါ်ပေါက်ဖို့နဲ့ တရားခံ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အများက စိတ်ဝင်စားမှုမြင့်တက်နေပြီးတော့ ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့ကတည်းက ဖြစ်ပွားခဲ့တာပါ။ ဒီအမှုမှာ တရားခံလို့ယူဆရသူတွေကို DNA စစ်ဆေးမှုတွေနဲ့အတူ အခြားစုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေသလို မူခင်းရဲတပ်ဖွဲ့ စီအိုင်ဒီက ကိုယ်တွယ်ဆောင်ရွက်နေတဲ့ အမှုဖြစ်ပါတယ်။  အခုရက်ပိုင်းအတွင်းမှာတော့ နေပြည်တော်အတွင်းက Wisdom Hill အပါအ၀င် ခွင့်ပြုမိန့်မကျသေးပဲ ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်း ၁၀ ကို ယာယီပိတ်သိမ်းထားဖို့ လူမှုဝန်ထမ်း ဦးစီးဌာန ဇူလိုင် ၁ ရက်က ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024