Home
ဆောင်းပါး
မီတာခအတက် ပြည်သူလူထုဂယက် (သတင်းဆောင်းပါး)
DVB
·
July 3, 2019
လျှပ်စစ်ဓာတ်အားခတွေကို  ဇူလိုင် ၁ ရက်နေ့ကစပြီး နှုန်းထားအသစ်နဲ့ တိုးမြှင့်ကောက်ခံ သွားမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားတာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့နေ အခြေခံ ပြည်သူလူထုတွေအကြား မတူညီတဲ့အမြင်တွေ၊ ဂယက်ရိုက်ခတ်မှုတွေ ရှိနေပါတယ်။ တဘက်မှာလည်း မီတာခတိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ သတင်းကြောင့် မိသားစုတွေရဲ့ နေအိမ်တွေမှာ နေ့စဉ်လျှပ်စစ်မီးသုံးစွဲနေတဲ့ နေထိုင်မှုပုံစံကိုပါပြောင်းလဲပစ်ဖို့ စဉ်းစားနေတဲ့ အခြေခံလူတန်းစားတချို့ကလည်း ရှိနေပါတယ်။ ရန်ကုန်မြို့ကဈေးသည်တဦးဖြစ်တဲ့ ဦးခင်မောင်ဝင်းက “ကျနော်တို့ကတော့ ခြိုးခြံချွေတာ ရမှာပေါ့။ အရင်က မီတာ ယူနစ် ၁၀၀ သုံးရင် ခု ၈၀ လောက် လျှော့သုံးရမှာပေါ့။ မီးချောင်းတွေ ဘာတွေ မီးအား အရမ်းဆွဲရင် လဲသင့်တာလဲရမှာပေါ့” လို့ပြောပါတယ်။ ယာဉ်မောင်းတဦးဖြစ်တဲ့ ဦးအောင်အောင်သောင်းကတော့ “ကျနော်ကတော့ ကိုယ်တတ်နိုင် သလောက်လျော့သုံးမှာပဲ။ လျှော့လို့မရတာဆိုရင်တော့ သုံးရမှာပဲ။ ရေခဲသေတ္တာတို့၊ အဲကွန်းတို့ဆို မသုံးမဖြစ်သုံးရမှာလေ။ အခြားဟာတွေတော့ မကုန်သင့်တာ မကုန်အောင်တော့ လုပ်ရမှာပေါ့” လို့ ဆိုပါတယ်။ အစိုးရက ပြင်ဆင်သတ်မှတ်တိုးမြှင့်ကောက်ခံလိုက်တဲ့ ဓာတ်အားခနှုန်းထားတွေကတော့ ၁ ယူနစ်ကနေ ၃၀ အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်ကနေ ၅၀ အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်ကနေ ၇၅ အထိ ၇၀ ကျပ်၊ ၇၆ ယူနစ်ကနေ ၁၀၀ အထိ  ၉၀ ကျပ်၊ ၁၀၁ ယူနစ်ကနေ ၁၅၀ အထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်ကနေ ၂၀၀ အထိ ၁၂၀ ကျပ်နဲ့ ၂၀၁ ယူနစ်အထက်ကို ၁၂၅ ကျပ်ဖြစ်ပါတယ်။ မီတာခနှုန်းထားသစ်တွေအရ ယူနစ် ၁၀၀ အောက်သာသုံးစွဲသူတွေအတွက် မီတာခတွေ သိသိသာသာတက်သွားခြင်းမရှိဘဲ လျှပ်စစ်မီး ပိုသုံးလေ မီတာခ ပိုဆောင်ရလေဖြစ်အောင် အမျိုးအစားတွေခွဲပြီး သတ်မှတ်ထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပျမ်းမျှတလကို ယူနစ် ၁၀၀ အောက်သုံးစွဲတဲ့ အိမ်ထောင်စုပေါင်း ၂,၂၀၀,၀၀၀ ကျော်ရှိတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကောက်ခံထားတဲ့ စစ်တမ်းအရ သိရပါတယ်။ ယူနစ် ၃၀၀ လောက်သုံးတဲ့ အိမ်ထောင်စုတွေကတော့ အရင်က မီတာခ ကျပ် ၁၅၀၀၀ လောက်သာ ပေးဆောင်ရပေမယ့်  အခုနှုန်းထားသစ်အရ ကျပ် ၃၅၀၀၀ ပေးဆောင်ရတော့ မှာလည်း ဖြစ်ပါတယ်။ ထပ်မံတိုးမြှင့်ကောက်ခံရရှိတဲ့ မီတာခတွေနဲ့ မြန်မာနိုင်ငံထဲမှာ လျှပ်စစ်မီးလုံးဝမရရှိသေးတဲ့ တခြားဒေသတွေမှာ လျှပ်စစ်မီးတွေရရှိအောင် လုပ်ဆောင်ပေးဖို့ အစိုးရက ရည်မှန်းထားတာ လည်း ဖြစ်ပါတယ်။  လျှပ်စစ်ဓာတ်အားခနှုန်းတွေ ခုလို ပျမ်းမျှ နှစ်ဆကျော်လောက် တိုးမြှင့်သတ်မှတ်လိုက် ပေမယ့် နိုင်ငံတော်အစိုးရအနေနဲ့ လျှပ်စစ်ကဏ္ဍမှာ အရှုံးပေါ်နေဆဲ ဖြစ်ပါတယ်။ မြန်မာပြည်တွင်း မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ကုန်ကျစရိတ်က  ၁ ယူနစ်ကို ၁၂၀ ကျပ်ဝန်းကျင်ရှိနေတဲ့ အတွက် တနှစ်ကို ကျပ်ငွေ ဘီလီယံ ၅၀၀ ကျော် နှစ်စဉ် အစိုးရက စိုက်ထုတ်ပေးနေရတာပါ။ လျှပ်စစ်ကဏ္ဍမှာ အစိုးရကအရှုံးခံပြီး ဖြည့်ဆည်းပေးနေတဲ့ကြားက မီတာခတွေကို မှန်မှန်ကန်ကန်မပေးဆောင်သူတွေရှိသလို လုံးဝမပေးဘဲခိုးယူသုံးစွဲနေသူကလည်း ရှိနေတဲ့ အတွက် တာဝန်ရှိသူတွေအနေနဲ့  လျှပ်စစ်မီးခိုးယူသုံးစွဲ သူတွေကို ထိရောက်စွာ အရေးယူပေး စေလိုတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ဈေးသည်တဦးဖြစ်တဲ့ ဦးခင်မောင်ဝင်းက “မီတာခက အရင်အစိုးရလက်ထက်ကရော ခုအစိုးရလက်ထက်မှာရော ရှုံးနေတာလို့ကြားတယ်။ တကယ်လည်း ရှုံးနိင်တယ်။ ဘာလို့ လဲဆိုတော့ မီတာဆောင်တဲ့သူတွေရှိသလို ခိုးသုံးနေတဲ့သူတွေလည်းရှိတယ်။ များသောအားဖြင့် မီတာခိုးသုံးနေတာတွေ ပိုသုံးနေတာတွေက ရှိတယ်။ တကယ်သုံးတာက ၁၀၀၊ ဆောင်ရင် ၅၀ ပဲဆောင်တာတွေရှိတယ်။ ဒါတွေကကြပ်မတ်လို့ ရပါတယ်။ တကယ်လဲ ကြပ်မတ်စေချင်တယ်” လို့ဆိုတယ်။ ရန်ကုန်မှာ မီတာမဆောင်တဲ့သူတွေ မီးခိုးသုံးနေတာတွေရှိနေပြီး  အစိုးရအနေနဲ့ သေချာ အရေးယူပေးစေချင်တယ်လို့ မြို့ခံတဦးဖြစ်တဲ့ ယာဉ်မောင်း ဦးအောင်အောင်သောင်းက ပြောပါတယ်။ “ဘယ်အဖွဲ့အစည်းမဆို မီတာခကတော့ဆောင်ရမှာပဲ။ အပြင်ပုဂ္ဂလိကလုပ်ငန်းတွေ အစိုးရဝန်းတွေထဲမှာ စက်ရုံတည်ထားပြီး မီတာခမဆောင်တဲ့သူတွေ အများကြီးရှိတယ်။ အဲ့ဒါတွေ ကို ကျတော့ အရေးယူသင့်တယ်။” အခု ဇူလိုင်လ ၁ရက်နေ့က စတင်ပြင်ဆင်သတ်မှတ်လိုက်တဲ့ လျှပ်စစ်ဓာတ်အား ခနှုန်းထား သစ်တွေကြောင့် လူနေအိမ်တွေမှာသာမက စီးပွားရေးလုပ်ငန်းတွေမှာပါ ဂယက်ရိုက်ခတ်မှုေ တွရှိနေပါတယ်။ စားသောက်ဆိုင်ဖွင့်ထားတဲ့ မနန်းမြညိုကတော့ “လျှပ်စစ်ကတော့ အရင်အတိုင်းပဲ သုံးရမှာပဲ။ စားသောက်ကုန်တွေကိုတော့ ဒီလကစပြီး ဈေးနည်းနည်းတင်ပြီးရောင်းမယ်။ ဈေးတက်တယ်ဆိုတာ မီတာခတက်လို့တော့မဟုတ်ပါဘူး” လို့ပြောပါတယ်။ ဈေးသည်တဦးဖြစ်တဲ့ မဝင်းမာကတော့ “မီတာခတွေ အများကြီးတိုး သွားတယ်လို့ ကြားတယ်။ အရင် တစ်သောင်းလောက် လောက်ဆောင်ရတာကို ခု နှစ်သောင်းလောက်ဆိုတော့ လူတွေက မရှိတဲ့သူတွေလေ။ အစ်မကတော့ သူတို့ တက်တော့လည်း တက်ဈေးပေါ့။ ဘယ်တတ်နိုင်မလဲ။ ဈေးသည်တွေဆိုတော့ ပုံမှန်အတိုင်းပဲဆက်သုံးသွားရမှာပဲ” လို့ပြောပါတယ်။ မီတာခတွေ တက်သွားပေမယ့် တချို့ဈေးသည်တွေကတော့ စားသောက်ကုန်တွေ ဈေးတင်ရောင်းချဖို့မရှိဘဲ  ပုံမှန်ဈေးအတိုင်းရောင်းချပေးနေသူတွေလည်း ရှိပါတယ်။  ထမင်းဆိုင်ဖွင့်ထားတဲ့ မသန်းသန်းဦးကတော့ မီတာခတက်လဲအစ်မတို့ကတော့ ထမင်းတစ်ပွဲ ၁၂၀၀ ပဲရောင်းရတာပဲ။ ဈေးတင်ရောင်းလို့လဲ အဆင်မပြေဘူး။ လျှပ်စစ်သုံးစွဲတာကို တော့ ပုံမှန်အတိုင်းပဲသုံးသွားမယ်” လို့ဆိုပါတယ်။ အစိုးရက ပြင်ဆင်သတ်မှတ်လိုက်တဲ့ မီတာခနှုန်းထားသစ်တွေအရ အိမ်သုံးမဟုတ်တဲ့ စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းတွေဟာ  ၁ ယူနစ်မှ ယူနစ် ၅၀၀ အထိ ၁၂၅ ကျပ် စတင်ကောက်ခံမှာပါ။ သုံးစွဲတဲ့ ယူနစ်အလိုက် အဆင့်ဆင့်တိုးမြှင့် ကောက်ခံမှာဖြစ်ပြီး ယူနစ် ၁ သိန်းကျော်ရင်တော့ ၁၈၀ ကျပ် အထိ အမြင့်ဆုံး ကောက်ခံမှာ ဖြစ်ပါတယ်။ ခုလို မီတာခတွေတိုးမြှင့်လိုက်တာကြောင့် အထည်ချုပ်စက်ရုံတွေအပါအ၀င် လူအင်အား၊ စက်အင်အား အများအပြား အသုံးပြုရတဲ့ စက်ရုံအလုပ်ရုံတွေနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေမှာ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ တိုးလာပြီး မကြာခင်လပိုင်းတွေမှာ ကုန်ဈေးနှုန်းတွေ ထပ်တက်လာမှာကို  ပြည်သူတွေ အကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေပါတယ်။  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့  လျှပ်စစ်ဓာတ်အားခ တိုးမြှင့်လိုက်တာကြောင့် ကုန်ဈေးနှုန်း မြင့်မားလာမှမဟုတ်ဘဲ လျှပ်စစ်မီးပုံမှန်ရပါက နောက်ပိုင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ ပိုတိုးတက်လာလိမ့်မယ်လို့ ဇွန် ၂၉ ရက်က ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ ပြောထားပါတယ်။ အစိုးရက မီတာခတွေတိုးမြှင့်ကောက်ခံတာနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေလည်း  ခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ ပုဇွန်တောင်မြို့နယ် အပါအ၀င် မြို့နယ်တချို့မှာပြုလုပ်နေကြပါတယ်။ လျှပ်စစ်မီတာခတွေ အစိုးရက တိုးမြှင့်ကောက်ခံမယ့် ကိစ္စဟာ အခြေခံ အလုပ်သမားတွေ အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်ဆိုပြီး  မီတာခနှုန်းထားတိုးမြင့်လာတဲ့ နည်းတူ လုပ်ခလစာတွေ လည်းတိုးမြှင့်လာစေဖို့ ရည်ရွယ်တဲ့ အလုပ်သမားလှုပ်ရှားမှုတွေလည်း မန္တ​လေးမြို့မှာလည်း ပြုလုပ်နေပါတယ်။ သတင်းဆောင်းပါး- တွယ်တာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024