Home
မြန်မာသတင်း
စစ်ကြောရေးကြောင့် သေဆုံးသူအရပ်သားများ တရားမျှတမှုရရေး ရခိုင်လူငယ်များ တောင်းဆို
DVB
·
July 3, 2019
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ဒေသမှာ စစ်ကြောရေးကြောင့် သေဆုံးသွားတဲ့ အရပ် သားပြည်သူတွေအတွက် တရားမျှတမှုရဖို့  စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံမှာ ရခိုင်လူငယ်တွေက မနေ့က သရုပ်ပြလှုပ်ရှားမှု ပြုလုပ် တောင်းဆိုလိုက်ပါတယ်။ အဲဒီလှုပ်ရှားမှုအတွင်း ပြည်နယ်အတွင်းက ရခိုင်လူငယ် ၂၀ ကျော်လောက်ပါဝင်ပြီး တိုက်ပွဲတွေဖြစ်ပွားလာပြီးနောက်ပိုင်း ရခိုင်ပြည်သူတွေ ဖမ်းဆီးခံရတာ၊ အသတ်ခံရတာစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံစားနေကြရတာကြောင့် အခုလို တောင်းဆိုရတာလို့ ဒီလှုပ်ရှားရာမှာပါဝင်တဲ့ ဦးဆောင်လူငယ်တွေက ပြောပါတယ်။ တောင်းဆိုချက်တွေထဲမှာတော့ စစ်ကြောရေးနဲ့ စစ်ဆင်ရေးတွေမှာ သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှုရဖို့ဆိုတဲ့ အချက်အပါ အဝင် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားသတ်ဖြတ်တာ၊ မတရားဖမ်းဆီးချုပ်နှောင်တာ၊ ညှဉ်း ပန်းနှိပ်စက်တာတွေ ရပ်တန့်ပေးဖို့နဲ့ စစ်ပွဲတွေကို ရပ်တန့်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ကြဖို့စတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း လတ်တလောအခြေအနေတွေမှာ ပြည်သူတွေအနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာနေထိုင် သွားလာခွင့် စတဲ့အခွင့်အရေးတွေ ဆုံးရှုံးနေကြရတဲ့ အပြင် တပ်မတော်နဲ့  ရက္ခိုင့်တပ်တော် (အေအေ)တို့ အကြားမှာလည်း ပြည်သူတွေဟာ မြေစာပင် အဖြစ်စတေးခံနေကြရတယ်လို့ ရခိုင်လူငယ်တွေက ပြောဆိုကြပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်လာပြီးနောက်ပိုင်း ကျောက်တန်းဖြစ်စဉ်၊ လက္ကာဖြစ်စဉ်တွေမှာ တပ်မတော်ရဲ့ ဖမ်းဆီးခံရစဉ်အတွင်း အရပ်သားသေဆုံးမှုတွေရှိခဲ့သလို မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာက ဖမ်းဆီးခံရသူတွေထဲကလည်း သေဆုံးသူ ၂ ဦးရှိပါတယ်။ အေအေတပ်ဖွဲ့ဝင်ဖြစ်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးစစ်ဆေးစဉ်သေဆုံးသွားသူပေါင်း  ၁၄ ယောက်ရှိပြီလို့လည်း သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ထဲမှာ နေရပ်စွန့်ခွာသူတွေ လည်းသောင်းနဲ့ ချီရှိနေသလို သံသယနဲ့ ဖမ်းဆီးခံနေရသူ၊ ဒဏ်ရရသူတွေလည်း အများအပြားရှိနေပါတယ်။ ဝဏ္ဏခွာညို 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024