အိန္ဒိယတွင် တံတိုင်းပြိုကျသဖြင့် လူ ၂၇ ဦး သေဆုံး

1.1K
အိန္ဒိယနိုင်ငံ စီးပွားရေးမြို့ မွမ်ဘိုင်းမှာ ဇူလိုင် ၂ ရက်နေ့က မုတ်သုံမိုးကြောင့် တံတိုင်းတွေ ပြိုပြီး လူ ၂၇ ယောက် သေဆုံးခဲ့ပါတယ်။
ရာသီဥတု ဆိုးရွားနေတာကြောင့် ရထားလမ်းတွေနဲ့ လေကြောင်း အသွားအလာတွေ ထိခိုက်ခဲ့ရပါတယ်။
မိုးကြီးတာကြောင့် မွမ်ဘိုင်းမြို့ ဆင်ခြေဖုံး တောင်စောင်းမှာ ဆောက်ထားတဲ့ တဲစုတွေပေါ် တံတိုင်းတခု ပြိုကျပြိး လူ ၁၈ ယောက် သေဆုံးခဲ့ပါတယ်။
ဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ တာဝန်ရှိသူက တံတိုင်းပြိုပြီး ပျောက်နေသူတွေကို ကင်မရာ၊ ခွေး၊ ကယ်ဆယ်ရေးဝန်ထမ်း စတဲ့ နည်းလမ်း ၃ သွယ်နဲ့ ရှာဖွေခဲ့ပြိး နောက်ထပ် ရှာတွေ့မယ့် အရိပ်အယောင် မတွေ့တာနဲ့ ကယ်ဆယ်ရေးရပ်ဆိုင်းခဲ့တယ်လို့ ပြောပါတယ်။
အဲဒီနောက် မွမ်ဘိုင်းမြို့ မြောက်ဘက် ကယ်လ်ယန်မြို့ ကျောင်းနံရံ ပြိုကျမှုမှာတော့ ၃ ယောက် သေဆုံးပါတယ်။ ဇွန် ၂၉ ရက်နေ့ကလည်း ပူနစ်မြို့မှာ အလားတူ တံတိုင်းပြိုကျတဲ့အတွက် ၁၅ ယောက် သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း မွမ်ဘိုင်းမြို့ တချို့နေရာတွေမှာ မိုးရေချိန် ၁၁ ဒသမ ၈ လက်မကျော် ရွာခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။