ရခိုင်ပြည်နယ်တွင် အင်တာနက်ပြန်ဖွင့်ပေးရန် အမေရိကန်တောင်းဆို
DVB
·
July 1, 2019
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲမှာ မိုဘိုင်းဒေတာကနေ အသုံးပြုတဲ့ အင်တာနက်ဝန်ဆောင်မှု ပိတ်ပင်ထားတာကို ရပ်ဆိုင်းပြီး အမြန်ဆုံးပြန်လည်ဖွင့် လှစ်ပေးဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်ဂန်အော်တဂပ်စ်က ဇွန် ၂၉ ရက်စွဲနဲ့ သတင်းထုတ်ပြန်တောင်းဆိုလိုက်တာပါ။
“မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အကြမ်းဖက်မှု သက်ရောက်လျက်ရှိသော နေရာများတွင် အင်တာနက်ကို အခြေပြု၍ ဆက်သွယ်မှုပြုနေကြသော လူဦးရေ တသန်းခန့်အတွက် အဆက်အသွယ်ဖြတ်တောက်မှုဖြစ်စေသည့် မိုဘိုင်းဒေတာ ဝန်ဆောင်မှုများ ဖြတ်တောက်ထားခြင်းအတွက် အမေရိကန်ပြည်ထောင်စုက များစွာစိုးရိမ်မကင်းဖြစ်ရပါသည်။ အင်တာနက်ဝန်ဆောင်မှုကို နှောင့်နှေးကြန့်ကြာမှုမရှိပဲ ပြန်လည်ပေးအပ်သင့်ပါသည်။” လို့အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော် ပြပါတယ်။
အင်တာနက် ဝန်ဆောင်မှုပြန်လည်ပေးအပ်ခြင်းဖြင့် အစိုးရက ဆောင်ရွက်နေတဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံတာဝန်ယူမှုကို လွယ်ကူ ချောမွေ့စေမှာဖြစ်ပြီး နိုင်ငံတကာမှာ မြန်မာပြည်ရဲ့ ဂုဏ်သိက္ခာ ထပ်မံထိခိုက်တာကို ထိန်းသိမ်း နိုင်မယ်လို့ လည်းဆိုပါတယ်။
ဒါ့အပြင်အကြမ်းဖက်မှု ဖြစ်ပွားနေတဲ့ နေရာတွေကို လူသားချင်းစာနာထောက်ကူမှု အပြည့်အဝရောက်ရှိရေးနဲ့ မီဒီယာတွေ သွားရောက်ခွင့်ရရှိရေး၊ လူ့အခွင့်အရေးအလွဲသုံးသူတွေနဲ့ ချိုးဖောက်သူတွေကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရေးအတွက် အမေရိကန်ပြည်ထောင်စုက တောင်းဆိုတယ်လို့ လည်းဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ အင်တာနက်လိုင်းပိတ်ထားတာကို အမြန်ဆုံးပြန် ဖွင့်ပေးဖို့ ကုလသမဂ္ဂ အပါအ၀င် ပြည်တွင်း ပြည်ပကအဖွဲ့အစည်းတွေက လည်း ဆက်တိုက် တောင်းဆိုေ နတာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်နယ်ထဲမှာ အင်တာနက်လိုင်းတွေ ပိတ်ထားတာကို ပြန်ဖွင့်ပေးဖို့ ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ရခိုင် ပြည်နယ်လွှတ်တော်က အတည်ပြုထားပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေကြတဲ့ ဆက်သွယ်ရေးလိုင်းတွေဖြစ်တဲ့ MPT၊ Ooredoo၊ Telenor နဲ့ Mytel စတဲ့ ဆက်သွယ်ရေးလိုင်းတွေ အကုန်လုံးကို ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၈ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့မှာ ဇွန်လ ၂၁ ရက်ကစတင် ဖြတ်တောက် လိုက်တာပါ။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ဒေသတွမှာ ခုလို အင်တာနက်လိုင်းတွေ ယာယီ ပိတ်ထားလိုက်ရတာဟာ ဒေသတည်ငြိမ်အေးချမ်းရေးအတွက်ရည်ရွယ်လုပ်ဆောင်တာလို့ အစိုးရကပြောထားပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်းဒီလို အစိုးရက အင်တာနက်သုံးစွဲခွင့် ဖြတ်တောက်လိုက်တာဟာ လူမျိုးရေး မုန်းတီးတာတွေကို လျော့ကျစေဖို့ ရည်ရွယ်တာလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။