Home
မြန်မာသတင်း
ကယားလူငယ်ထု တွေ့ဆုံဆွေးနွေး
အေးနိုင်
·
November 26, 2012
ကယားပြည်နယ် ဒီမောဆိုးမြို့နယ်မှာ လူငယ်ဖိုရယ်တခုကို နိုဝင်ဘာ ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ ကျင်းပခဲ့ပြီး လူငယ်တွေရဲ့ အနာဂတ်အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ဒီမောဆိုးမြို့နယ် သဲဆူလဲကျေးရွာမှာ ကျင်းပတဲ့ အဲဒီဆွေးနွေးပွဲကို လူငယ်အဖွဲ့အစည်း ၁၀ ဖွဲ့ခန့်က လူငယ် အယောက် ၈၀ လောက်တက်ရောက်ကြပြီး လူငယ်နဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ ပညာရေး ဆက်စပ်မှုအကြောင်းအရာတွေကို ဆွေးနွေးတယ်လို့ တက်ရောက်သူတဦးက ပြောပါတယ်။ “လူငယ်နဲ့ ငြိမ်းချမ်းဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေးကိစ္စ၊ လူငယ်နဲ့ အနုပညာ၊ လူငယ်နဲ့ ဆက်သွယ်ဆက်ဆံရေး၊ လူငယ်နဲ့ အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နဲ့ ကျား-မ တန်းတူအခွင့်အရေး၊ လူငယ်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူငယ်နဲ့ ခေါင်းဆောင်မှု၊ လူငယ်နဲ့ ကျန်းမာရေး၊ မူးယစ်ဆေးဝါး၊ လူငယ်နဲ့ စွန့်ဦးတီထွင်မှု၊ လူငယ်နဲ့ အားကစား အခန်းကဏ္ဍ ၁၀ ခု။ အဲဒါကို လူငယ်တွေ ၀ိုင်းဖွဲ့ပြီး ဆွေးနွေးကြတယ်။ သူ့ကဏ္ဍအလိုက် စိတ်ဝင်စားစရာလေးတွေ ဆွေးနွေးကြတယ်” လို့ ပြောပါတယ်။ ကယားပြည်နယ်မှာ လူငယ်တွေ့ဆုံဆွေးနွေးပွဲကို ပထမဆုံးအကြိမ် ကျင်းပတာဖြစ်လို့ လွိုင်ကော်ခရိုင်အနေနဲ့ပဲ လုပ်နိုင်တယ်လို့ ဆိုပါတယ်။ ၀ိုင်အက်ဖ်ကေ ခေါ်တဲ့ ကယားလူငယ်ကွန်ရက်က ကမကထလုပ်တာ ဖြစ်ပါတယ်။ ဒီဖိုရမ် ကျင်းပခြင်းအားဖြင့် ကယားပြည်နယ်တွင်းက လူငယ်တွေ ပိုမိုထိတွေ့ပြီး ရင်းနှီးမှုရှိစေဖို့နဲ့ ကယားပြည်နယ်တွင်းက လူငယ်တွေရဲ့ အခွင့်အလမ်း ပျောက်ဆုံးနေတာတွေကို ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ကယားလူငယ်တွေဟာ ဒီဖိုရမ်လို ဆွေးနွေးပွဲမျိုးကို နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလတွေက ကျင်းပခဲ့ဖူးပါတယ်။ ကယားပြည်နယ်ဟာ နှစ်ပေါင်း ၆၀ ကျော် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက်  ဦးသိန်းစိန် အစိုးရလက်ထက်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)  နဲ့ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး တိုက်ပွဲတွေအေးသွားပေမယ့် ရေရှည်ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024