ဗကသခေါင်းဆောင် ကိုသီဟ၀င်းတင်ကို ပြန်လွှတ်ပေး
DVB
·
November 26, 2012
ရဲအထူးသတင်းတပ်ဖွဲ့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသီဟ၀င်းတင်ကို ဆန္ဒပြရင် ကြိုတင်ခွင့်ပြုချက် ယူရတဲ့အကြောင်း ခေါ်ယူသတိပေးပြီး နေ့ခင်း ၁ နာရီကျော်လောက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
ဗကသ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုလင်းထက်နိုင်က “သူကို ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီး ခေါ်သတိပေးတာ။ ပုဒ်မ ၁၈ ဆိုတာ ခွင့်ပြုချက်ယူပြီးတော့မှ ဆန္ဒပြရမယ်ပေါ့နော်။ သူက ပြန်ပြောခဲ့တာကတော့ အဲဒါတော့ မတတ်နိုင်ဘူးတဲ့။ ဆန္ဒပြတာကလည်း ကျနော်တယောက်တည်း လုပ်တာမဟုတ်ဘူး။ ကျနော်က ပြဆိုလို့ ပြတာလည်းမဟုတ်ဘူးတဲ့၊ မပြနဲ့ဆိုလို့လည်း ဆန္ဒပြမှုက ရပ်သွားမှာမဟုတ်ဘူး။ သူဟာသူ အားလုံး ယူနစ်တွေ စုဖွဲ့ပြီးတော့ လုပ်တဲ့ကိစ္စပဲတဲ့ အခုဖမ်းလည်း ဘာမှမဖြစ်ဘူးတဲ့။ ဆန္ဒပြမယ့်သူတွေကတော့ ပြမှာပဲပေါ့။ အဲဒီနောက် ပြန်လွှတ်ပေးလိုက်တာပဲ” လို့ ပြောပါတယ်။
ဗကသခေါင်းဆောင်တဦးကို အက်စ်ဘီ ခေါ်ဆောင်
မြန်မာစံတော်ချိန် ၁၂း၅၀
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသီဟ၀င်းတင်ကို ဒီမနက် ၁၀ နာရီခန့်က သူနေထိုင်ရာ ရန်ကုန်တိုင်း အလုံမြို့နယ် နေအိမ်ကနေ ရဲက လာရောက်ခေါ်ဆောင်သွားတယ်လို့ ဗကများအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ မဟန်နီဦးက ပြောပါတယ်။
မဟန်နီဦးက “နယ်မြေခံ အက်စ်ဘီပေါ့နော်။ ရဲအုပ်မြင့်ဦးကနေပြီးတော့ သူတို့ သိချင်တာလေးရှိလို့၊ မေးစရာလေးရှိလို့ ခဏလောက် လိုက်ခဲ့ပေးပါဆိုပြီးတော့ ခေါ်သွားပါတယ်။ ကိုသီဟ၀င်းတင်က ဖမ်းတာလားလို့ မေးပါတယ်။ မေးတော့ ဖမ်းတာမဟုတ်ပါဘူး။ နာရီဝက်၊ ၁ နာရီလောက်အကြာ သိချင်တာလေးမေးပြီး သွားလို့ရှိရင် ပြန်ပို့ပေးပါ့မယ်” လို့ ပြောပြီး ခေါ်သွားပါတယ်။ မနက် ၁၀ နာရီခွဲကနေ ခေါ်သွားတာ ၁၂ နာရီခွဲပြီ ပြန်မရောက်သေးဘူးရှင်” လို့ ပြောပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ အလုံမြို့နယ် ပြည်သူရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ သူတို့ မခေါ်ဆောင်ဘဲ ပန်းဆိုးတန်း အက်စ်ဘီရုံးကို မေးမြန်းဖို့ ပြန်လည်ဖြေဆိုပါတယ်။ ပန်းဆိုးတန်း အက်စ်ဘီရုံးကို မေးမြန်းဖို့ ဆက်သွယ်နေဆဲဖြစ်ပါတယ်။