စပိန်တွင် လေထုညစ်ညမ်းသည့်ကားများ ထိန်းချုပ်ခြင်း ရပ်ဆိုင်းမှု ဆန့်ကျင်ဆန္ဒပြ

1.7K
စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ထောင်နဲ့ချီတဲ့လူတွေ ဇွန် ၂၉ ရက်က စုရုံးပြီး လေထုညစ်ညမ်းစေတဲ့ ကားတွေကို ထိန်းချုပ်ကန့်သတ်မှု ရပ်ဆိုင်းတာကို ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။
အမေရိကန်မှာ သဘာဝပတ်ဝန်းကျင်ကို အလေးထားတာ လျော့ကျလာသလိုမျိုး ဥရောပကို ကူးစက်လာမှာကို စိုးရိမ်နေကြပါတယ်။
စပိန်နဲ့ ဥရောပတလွှား နေရာအများစုမှာ အပူလှိုင်း ဖြတ်နေပေမယ့် ဆန္ဒပြသူတွေဟာ အပူဒဏ်ကို အံတုပြီး ကတ်ယောင်မြို့ကနေ မက်ဒရစ်မြို့တော်ခန်းမထိ ချီတက်ခဲ့တာပါ။
ပါရီဟမ်းဘာ့ဂ် အမ်စတာဒမ်နဲ့ အော်စလို အပါအဝင် ဥရောပမြို့ အတော်များများဟာ လေထုညစ်ညမ်းစေတဲ့ ကားအိုကားဟောင်းတွေကို စပြီး ပိတ်ပင်တားမြစ်ပြီးပါပြီ။
လာမယ့် ဆယ်စုနှစ်အတွင်း ရုပ်ကြွင်းလောင်စာသုံး ကားအားလုံးကို ပိတ်ပင်တားမြစ်ဖို့ ကြိုးစားနေပါတယ်။
ဒါပေမယ့် စပိန်ရဲ့ ရှေးရိုးစွဲ ပြည်သူ့ပါတီက စီမံခန့်ခွဲတဲ့ မြို့တော်ခန်းမက အာဏာပိုင်တွေက ဇူလိုင် ၁ ရက်ကစပြီး ကန့်သတ်နယ်မြေထဲ ဝင်လာတဲ့ကားတွေကို ဒဏ်ငွေတပ်မှု ရပ်ဆိုင်း ခဲ့ပါတယ်။
စပိန်ပြည်သူ အယောက် ၈၉၀၀ ဟာ နှစ်စဉ် နိုင်ထရိုဂျင် ဓာတ်ငွေ့ကြောင့် အရွယ်မတိုင်ခင် သေဆုံးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ခန့်မှန်းထားပါတယ်။
မက်ဒရစ်နဲ့ ဘာစီလိုနာမှာ လေထုအရည်အသွေး စံချိန်မမီရင် စပိန်အစိုးရကို ဒဏ်ခတ်မယ်လို့ ဥရောပ သမဂ္ဂ တရားရုံးမှာ တရားစွဲမယ်လို့ ဥရောပကော်မရှင်က သတိပေး ထားပါတယ်။