H1N1 ရောဂါ သံသယဖြင့် ကွယ်လွန်သူ ၂ ဦးအား နာကူအသင်းက ရေဝေးပို့ဆောင်
DVB
·
June 30, 2019
စံပြဆေးရုံကြီး (သင်္ဃန်းကျွန်း) မှာ H1N1 ကူးစက်ရောဂါနဲ့ကွယ်လွန်တယ်လို့ သံသယရှိသူ ၂ ယောက်ကို ဒီနေ့ ရေဝေးသုသာန်မီးသင်္ဂြိုဟ်စက်ကို ပို့ပေးခဲ့တယ်လို့ ရန်ကုန်နာရေးကူညီမှု အသင်းက ဆိုပါတယ်။
သေဆုံးသူတွေဟာ အသက် ၈၀ လောက် အမျိုးသားတယောက်နဲ့ အသက် ၅၀ လောက် အမျိုးသမီးတယောက်တို့ ဖြစ်ပြီး ရန်ကုန်နာရေးကူညီမှုအသင်းအနေနဲ့ ဒါနဲ့ဆိုရင် စုစုပေါင်း ၉ ယောက် ပို့ဆောင်ပေးခဲ့ပြီလို့လည်း ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။
ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေးက ဇွန် ၂၉ ရက်အထိ H1N1 သံသယလူနာ၂၇၄ ယောက်ကို စစ်ဆေးရာမှာ ၇၅ ယောက်မှာ ပိုးတွေ့ပြီး ၁၅ ယောက် သေဆုံးခဲ့ပြီလို့ ဒွီဘီကို ပြောဆိုထားပါတယ်။
သေဆုံးသူအများစုဟာ နှလုံး၊ ဆီးချိုလို နာတာရှည်ရောဂါအခံရှိသူတွေဖြစ်ပြီး ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့က ဖြစ်ပါတယ်။
ဒီရောဂါဟာ အသက် ၂ နှစ်အောက် ကလေးငယ်တွေနဲ့ အသက် ၆၅ နှစ်အထက် လူကြီးတွေမှာ ပိုပြီး အဖြစ်များတယ်လို့လည်း မြန်မာနိုင်ငံ ဆရာဝန်အသင်း အတွင်းရေးမှူး ဒေါက်တာဝင်းဇော်က ပြောပါတယ်။