တရားမဝင် အုတ်ဖုတ်လုပ်ငန်းများ ရပ်ဆိုင်းပေးရန် မြင်းခြံတွင် ဆန္ဒပြ
DVB
·
June 30, 2019
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဆားခါးကျေးရွာအနီးမှာ တရားမဝင် လုပ်ကိုင်နေတဲ့ အုတ်ဖုတ်လုပ်ငန်းတွေ အပြီးရပ်ဆိုင်းပေးဖို့ ဒေသခံ ၁၅၀ လောက် ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြရာမှာ ဦးဆောင်သူဖြစ်တဲ့ ဦးမောင်ဆန်းက "ကျနော်တို့ ဆားခါးကျေးရွာ ကွင်းအမှတ် (၂၈၉)အတွင်းမှာ တရားမဝင် အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်နေကြတာ ၈ နှစ်ကျော်ရှိပါပြီ၊ ခုဆိုရင် ဒေသခံတွေဟာ ဆိုးကျိုးများ ခံစားနေရပါတယ်။ ကျေးရွာရဲ့ အဓိကအားထားနေရတဲ့ သောက်သုံးရေဟာ မြနန္ဒာဆည်မှ ရွာရေကန်သို့ ရေလွှတ်ပေးတဲ့ ရေမြောင်းဟာ အခုဆို ပိတ်ဆို့နေပြီး ရေမြောင်းအတွင်းမှာလည်း အုတ်ကျင်းက လူအများရဲ့ မစင်တွေ၊ အမှိုက်ပေါင်းစုံတွေ စွန့်ပစ်ထားတာကြောင့် ကျေးရွာဒေသခံတွေဟာ သောက်သုံးရေ အတွက် အခက်အခဲကြုံနေကြရပါတယ်။ နောက်ပြီး အုတ်ဖုတ်သည့်အခါ ယမ်းစိမ်းများအသုံးပြု တာကြောင့် ယမ်းညော်နံ့များ နေ့စဉ်ခံစားနေရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဆားခါးကွင်း အမှတ် (၂၈၉) ကွင်းက မြေကွက်တွေကို ဘတ်ဟိုးစက်ကြီးတွေနဲ့ ကုတ်ယူတာကြောင့် ရေကန်သဖွယ်ဖြစ်နေပြီး မြေကွက်တွေဟာလည်း စိုက်ပျိုးမရတာ ၃ နှစ်အထိ ရှိလာပြီဖြစ်တဲ့အတွက် ရွာသူ /ရွာသားတွေဟာ ဆိုးကျိုးကို ခံစားနေရတယ်လို့ ဆိုပါတယ်။
ဆားခါးကျေးရွာမှာ အိမ်ခြေ ၄၀၀ ခန့်ရှိပြီး လူဦးရေ ၁၇၀၀ ခန့်နေထိုင်ကြတာတယ်လို့ သိရပါတယ်။
ဆားခါးကျေးရွာမှာ တရားမဝင် အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်နေသူ ၃၀ ဦးလောက်ရှိပြိး အပြီးအပိုင် ရပ်ဆိုင်းပေးဖို့ကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကလည်း ဒေသခံတွေက မြို့နယ်ရှိ ဌာနဆိုင်ရာအသီးသီးကို တားမြစ်ပေးဖို့ တိုင်ကြားခဲ့ပေမယ့် ထူးခြားမှုမရှိဘဲ ဆက်လက် လုပ်ကိုင်နေကြတယ်လို့ ဆားခါးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်က ပြောပါတယ်။
“ခုဆိုရင် စိုက်ပျိုးတဲ့တောင်သူတွေ မြေယာတွေဆုံးရှုံးတယ်၊ သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်ပျက်စီးတယ်၊ သစ်ပင်ကြီးတွေ ထန်းပင်တွေ ခုတ်လှဲပြီး ထင်းအဖြစ်သုံးစွဲသလို၊ အုတ်ဖိုရဲ့အပူဒဏ်ကြောင့် စိုက်ပျိုးကြတဲ့ သီးနှံတွေမဖြစ်ထွန်းဘူး။ ရေရှည်မှာ ဒီ အုတ်ဖိုတွေ ဆက်ရှိနေရင် ဘာသစ်ပင်မှ မရှင်သန်နိုင်သလို စပါးနဲ့အတူ အခြားသီးနှံတွေပါ ထွန်ယက်စိုက်ပျိုးဖို့ အခက်အခဲတွေ အများကြီး ရှိလာနေတယ်။”
ဆားခါးကျေးရွာ ဒေသခံ ၁၅၀ လောက်ဟာ ဆားခါးကျေးရွာ နယ်မြေအတွင်းရှိ တရားမဝင်လောင်စာများ အသုံးပြုနေသောအုတ်ဖိုများ အရေးယူပေးရေး၊ စပါးစိုက်ပျိုးမြေများ ပျက်စီးနေသော အုတ်ဖိုများအရေးယူပေးရေး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးစေသော အုတ်ဖိုများ အမြန်ဆုံး ဖျက်သိမ်းပေးရေး၊ မြနန္ဒာဆည်ရေမြောင်း မပျက်စီးရေး စတဲ့ စစာတန်းပါဗီနိုင်းတွေ ကိုင်ဆောင်ပြီး မြို့တွင်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
သတင်း၊ ဓာတ်ပုံ - ရီရီထွန်း