Homeမြန်မာသတင်း
လှိုင်သာယာမြို့နယ် အုပ်ချုပ်စီမံခန့်ခွဲမှုအပိုင်း မနိုင်ဝန်ဖြစ်နေဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော
လှိုင်သာယာမြို့နယ် အုပ်ချုပ်စီမံခန့်ခွဲမှုအပိုင်း မနိုင်ဝန်ဖြစ်နေဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော
အာကာ
·
June 30, 2019
လှိုင်သာယာမြို့နယ် အုပ်ချုပ်စီမံခန့်ခွဲမှုအပိုင်းမှာ မနိုင်ဝန်ဖြစ်နေပြီး ပိုကောင်းအောင် လုပ်ဆောင်သွားဖို့ သုံးသပ်နေတယ်လို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်ကို တခြားမြို့နယ်တည်း ပေါင်းဖို့ ဆွေးနွေး ထားတာ မရှိသေးဘဲ ကယားပြည်နယ် မဲဆန္ဒနယ်လောက်ရှိတဲ့ လှိုင်သာယာကို စဉ်းစားနေ တယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဆိပ်ကမ်းမြို့နယ်ကို ဗိုလ်တထောင်နဲ့ တခြားမြို့နယ်တွေကိုပေါင်းပြီး မြို့ နယ်အဆင့်ကနေ ဖျက်ဖို့ စီစဉ်နေတယ်လို့ လွန်ခဲ့တဲ့ လအနည်းက သတင်းတွေ ထွက်ပေါ်ခဲ့တဲ့အပေါ် အခုလို ပြောဆိုလိုက်တာပါ။
လှိုင်သာယာမြို့နယ်ဟာ သိပ်ကြီးနေပြီး အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာ မှာ မနိုင်ဝန်ဖြစ်နေတယ်လို့ ဆိုပါတယ်။
“ဆိပ်ကမ်းမြို့နယ်နဲ့ ပတ်သက်တဲ့အခြေအနေကတော့ လတ်တလော ဘာမှ ဆွေးနွေး ထားတာ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့အတွက် အခက်အခဲဖြစ်နေတာကတော့ လှိုင်သာယာ မြို့နယ်ဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ်ဟာ သိပ်ကြီးနေပါတယ်။ ကယားပြည်နယ် မဲဆန္ဒနယ် အခြေအနေလောက် ဖြစ်နေပါတယ်။ အုပ်ချုပ်စီမံခန့်ခွဲရတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက တယောက်ပဲ ဖြစ်နေပါတယ်။ တအားကို မနိုင်ဝန်ဖြစ်နေပါတယ်။ မြို့နယ်တမြို့နယ်ပဲ ဖြစ်တဲ့ အတွက် တမြို့နယ်စာပဲ ဘတ်ဂျက်ရပါတယ်။ ဒါကြောင်မို့လို့ ဒီမှာနေထိုင်တဲ့ပြည်သူတွေ တအား တိုးပွားလာတာနဲ့အမျှ သူတို့အတွက် ဘယ်လို ဖြေရှင်းဆောင်ရွက်ပေးရမလဲဆိုတဲ့ အဖြေကို စဉ်းစားနေတာဖြစ်ပါတယ်။ ဒါကြောင့် လှိုင်သာယာမြို့နယ်ကို ပိုကောင်းအောင် ဘယ်လို လုပ်ပေးနိုင်မလဲ ဆိုတာကို ရန်ကုန်တိုင်းတတိုင်းလုံးရဲ့ အခြေအနေပေါ်မှာ ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်။”
ဒါ့အပြင် လူဦးရေ များပေမယ့် ဘက်ဂျက်ဟာ လူဦးရေနည်းတဲ့ တခြားမြို့ နယ်တွေ နည်းတူ အတူတူပဲရတဲ့အတွက် အကောင်းဖြစ်အောင် ပြန်သုံးသပ်ဆောင်ရွက်ဖို့ အစီစဉ်ရှိတယ်လို့ ပြောပါတယ်။