Homeမြန်မာသတင်း
မူကြိုကျောင်းသူ မဖွယ်မရာကျင့်ခံရမှု အမှုမှန်ပေါ်အောင်ဖော်ရန် နိုင်ငံ့အကြီးအကဲများ မှာကြား
မူကြိုကျောင်းသူ မဖွယ်မရာကျင့်ခံရမှု အမှုမှန်ပေါ်အောင်ဖော်ရန် နိုင်ငံ့အကြီးအကဲများ မှာကြား
ပိုင်စိုး
·
June 30, 2019
လူမှုကွန်ရက်မှာ ဝေဖန်တာတွေများနေပြီဖြစ်တဲ့ နေပြည်တော် ပုဂ္ဂလိကကျောင်းတခုက ၃ နှစ်အရွယ် မူကြိုကျောင်းသူတယောက် မဖွယ်မရာကျင့်ခံရတာနဲ့ ပတ်သက်ပြီး နိုင်ငံအကြီးအကဲ တွေက ဒီအမှု မပေါ် ပေါ်အောင်ဖော်ပါလို့ မှာကြားထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။
နေပြည်တော် Wisdom Hill ကျောင်းမှာ တက်နေတဲ့ မူကြိုကျောင်းသူတယောက် မဖွယ်မရာ ပြုကျင့်ခံရတာကို မိဘတွေက ဇမ္မူသီရိရဲစခန်းမှာ တိုင်ချက်ဖွင့်ပြီး နောက်ပိုင်းမှာ လူစိတ်ဝင်စားတာ မြင့်လာလို့ စီအိုင်က စစ်ဆေးနေပေမယ့် အခု တလကျော်ကြာတဲ့အထိ ကျုးလွန်သူကို ဖော်ထုတ် အရေးမယူနိုင်သေးပါဘူး။
ဒါနဲ့ပတ်သက်လို့ လူမှုကွန်ရက်ပေါ် ဝေဖန်တာတွေ များလာပြီး JusticeForVictoria ဆိုတဲ့ ပုံတွေ၊ စာတွေကို သုံးစွဲသူတွေက ဝိုင်းဝန်းဖြန့်လာသလို အစိုးရရုံး၊ အဖွဲ့အစည်းနဲ့ သတင်းဌာနတွေကို ပေးပို့လာတဲ့ အွန်လိုင်းကမ်ပိန်းတွေ လှုပ်ရှားလာတဲ့အပေါ် အစိုးရထိပ်ပိုင်း တာဝန်ရှိသူတယောက်က အခုလို တုံ့ပြန်ပြောကြားလိုက်တာပါ။
"အမှု စစ်ဆေးဖော်ထုတ်မှု ကြန့်ကြာနေရခြင်းနဲ့ ပတ်သက်လို့လည်း အသေးစိတ်အထိ မေးမြန်းထားပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းကြောင်းကြောင့် ကြန့်ကြာနေရခြင်း ဖြစ်ပြီး အမှုမှန် ပေါ်ပေါက်ဖို့ အချိန်အနည်းငယ် ပေးနေရတာဖြစ်ကြောင်း သိရှိပါတယ်" လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရေးသားထားပါတယ်။
ဒါ့အပြင် "အစိုးရ၊ ပုဂ္ဂလိက စာသင်ကျောင်းတွေမှာ ဒီလိုကိစ္စရပ်တွေ မဖြစ်ပေါ်အောင် ကြိုတင်ဆောင်ရွက်ရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ဖြစ်ပွားလာခဲ့ရင် ထိုက်သင့်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ဖို့လည်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို မှာကြားထားပြီး ဖြစ်တယ်" လို့ သူက ဆိုထားပါတယ်။
ဒီကိစ္စဖြစ်ခဲ့တာ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ Wisdom Hill ပုဂ္ဂလိကကျောင်းမှာဖြစ်ပြီး လူစိတ်ဝင်စားသလို တရားခံကိုလည်း မသိရသေးတာကြောင့် JusticeForVictoria ဆိုတဲ့ အွန်လိုင်းလှုပ်ရှားမှုကို အခု ဇွန်လဆန်းက စတင်ခဲ့ကြတာပါ။