ဖားကန့် ကျောက်စိမ်းလုပ်ကွက်တခုတွင် ကမ်းပါးပြိုကျမှုကြောင့် ၂ ဦးသေဆုံး
DVB
·
June 30, 2019
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအနီးက ဂျိတ်ပါဝါ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်မှာ ဇွန် ၂၉ ရက်နေ့ ညနေပိုင်းက ကမ်းပါးနံရံပြိုကျမှုကြောင့် တပိုင်တနိုင်ကျောက်စိမ်းတူးသူ ၂ ဦး သေဆုံးခဲ့တယ်လို့ လုံးခင်းနယ်မြေစခန်းမှူး ဦးစိန်မြင့်ထွန်းက ပြောပါတယ်။
သေဆုံးသူတွေဟာ ကိုနိုင်နိုင်ထွန်း (၂၀) နှစ်နဲ့ ဦးဇော်ဝမ်း (၆၁) နှစ်တို့ ဖြစ်တယ်လို့ လုံးခင်းရဲစခန်းက သိရပါတယ်။
မြေပိသေဆုံးသွားသူတွေဟာ အမြင့် ၁၂ ပေလောက်ရှိတဲ့ ကျောက်ကမ်းပါယံအောက်မှာ ကျောက်စိမ်းတူးဖော်နေစဉ် နှစ်ဦးအပေါ်ရှိ မြေသားနံရံပေါ်ပြိုကျပြီး မောက်တုံးပိသေဆုံးခဲ့တာလို့ ရဲကြေးနန်းက ဆိုပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို လုံးခင်းပြည်သူ့ဆေးရုံမှာ ရင်ခွဲစစ်ဆေးဖို့ ပို့ဆောင်ခဲ့ပြီး သေမှုသေခင်းအမှတ် ၁၇/၁၉ နဲ့ စစ်ဆေးဆောင်ရွက်နေတယ်လို့ လုံးခင်းနယ်မြေရဲစခန်းမှူး ရဲမှူး ဦးစိန်မြင့်ထွန်းက ပြောပါတယ်။
ဇော်မိုးထက် (ဖားကန့်)