ဝမ္ဘစ္ဆာကာ အပြောင်းအရွှေ့ ကြန့်ကြာနေရမှု ပဲလေ့စ်အသင်းကြောင့်ဟုဆို

ပဲလေ့စ်စတား အာရွန်ဝမ်ဘစ်ဆာကာကို မန်ချက်စတာ ယူနိုက်တက်အသင်းက ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရထားပေမယ့် ဒီအပြောင်းအရွှေ့ကို တရားဝင်မထုတ်ပြန်နိုင်သေးတာက ပဲလေ့စ်ဘက်က တောင်းဆိုမှုတခုကြောင့်ဖြစ်တယ်လို့ Express သတင်းမှာ ဒီနေ့ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ပဲလေ့စ်အသင်းနဲ့အတူ ခြေစွမ်းတောက်ပလာခဲ့တဲ့ အင်္ဂလန် ယူ-၂၁ လက်ရွေးစင်ဟာ ယူနိုက်တက်အသင်းကို ပြောင်းရွေ့ကြေးပေါင် ၄၅ သန်း၊ ပွဲထွက်ခွင့်ပေါ် မူတည်ပြီး ပေါင် ၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီလို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။ ဒီအပြောင်းအရွေ့ဟာ ပြီးခဲ့တဲ့ရက်အနည်း ငယ်ကတည်းက သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်ထိတော့ နှစ်ဘက်အသင်းလုံးဘက်ကတော့ တရားဝင်ကြေညာသေးခြင်း မရှိသေးပါဘူး။ ဒီလိုမထုတ်ပြန်နိုင်သေးတာက ပဲလေ့စ်အသင်းရဲ့တောင်းဆိုမှုကြောင့်လို့ သိရပါတယ်။ ပဲလေ့စ်အသင်းဘက်က အကယ်၍ ယူနိုက်တက်အသင်းအနေနဲ့ ဘစ်ဆာကာကို ပေါင်သန်း ၅၀ နဲ့ အထက်ဈေး ပြန်လည်ရောင်းချနိုင်ရင် အပိုကြေးအနေနဲ့ အပြောင်းအရွှေ့ရဲ့ ၁၀ ရာခိုင်နှုန်းကို လိုချင်တယ်လို့ တောင်းဆိုထားကြောင်း ဘီဘီစီသတင်းထောက် ဒေးဗစ် အော်စတိန်းကပြောပါတယ်။ ဘစ်ဆာကာဟာ အလားအလာကောင်းတဲ့ နောက်ခံလူတဦးဖြစ်တာကြောင့် လန်ဒန်မြို့ခံကလပ်ဘက်က ကစားသမားရဲ့အနာဂတ်အတွက်ပါ အကျိုးအမြတ်ရယူလိုနေတာ မျိုးဖြစ်ပါတယ်။ အခုနွေရာသီမှာ အကြီးစားပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ ရည်ရွယ်ထားတဲ့ ယူနိုက်တက်နည်းပြ ဆိုးရှားဟာ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ကစားသမားများစွာကို စောင့်ကြည့်နေပြီး ဘစ်ဆာကာက သူ့ရဲ့ အဓိကပစ်မှတ်တွေထဲက တခုဖြစ်ပါတယ်။ ကစားအားကောင်းမွန်ပြီး ခံစစ်စွမ်းဆောင်ရည်မြင့်မားတဲ့ ဘစ်ဆာကာ ယူနိုက်တက်အသင်းအတွက် ကာလရှည်လိုအပ်ချက်ရှိနေတဲ့ တောင်ပံခံစစ်ပိုင်းအတွက် ကောင်းမွန်တဲ့ အဖြေတခုဖြစ်လာနိုင်ပြီး အပြောင်းအရွှေ့ကို ဘယ်လိုပုံစံမျိုးနဲ့ အဆုံးသတ်နိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up