Home
မြန်မာသတင်း
ဆုထူးစံဝန်ထမ်း ၈ ဦးကို ပြန်လွှတ်ပေးမည်ဟု အေအေပြော
DVB
·
June 29, 2019
ရက္ခိုင့်တပ်မတော် (အေအေ) အဖွဲ့က ဖမ်းဆီးထားတဲ့ ဆုထူးစံကုမ္ပဏီကဝန်ထမ်း ၈ ဦးကို ကောင်းမွန်တဲ့ အခြေအနေတခုအောက်မှာ ပြန်လွှတ်ပေးသွားဖို့ အစီအစဉ်ရှိတယ်လို့ အေအေရဲ့ ဒုတိယစစ်ဦးစီချုပ် ညိုထွန်းအောင်က ပြောဆိုလိုက်ပါတယ်။ ဇွန်လ ၂၈ ရက်နေ့က မိုင်းလားအထူးဒေသ ၄ မှာ DVB ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။ “သေချာတာတခုပြောလို့ရတာက သူတို့ ကောင်းကောင်းမွန်မွန်နဲ့ ကျန်းကျန်းမာမာရှိနေပါတယ်။  အခုတိုက်ပွဲတွေဖြစ်နေတဲ့နေရာနဲ့ သူတို့ကို ထိန်းသိမ်းထားတဲ့နေရာက အရမ်းနီးကပ်နေပြီး သူတို့ကို ပြန်လွှတ်ပေးလိုက်ရင် တခုခုဖြစ်သွားရင် တာဝန်အများကြီးရှိတယ်” လို့ အေအေရဲ့ ဒုစစ်ဦးစီးချုပ် ညိုထွန်းအောင်က ပြောဆိုခဲ့ပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း မြန်မာ- အိန္ဒိယနှစ်နိုင်ငံဆက်သွယ်ထားတဲ့ ပလက်ဝ-မီဇိုရမ် ကားလမ်း တာဝန်ယူဖောက်လုပ်နေတဲ့ ဆုထူးစံကုမ္ပဏီကဝန်ထမ်း ၁၃ ဦးကို မတ်လ ၃၀ ရက်မှာ အေအေအဖွဲ့က ဖမ်းဆီးခေါ်သွားပြီး ၅ ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ၈ ဦးကတော့ ဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီဝန်ထမ်း တွေဟာ နယ်စပ်စခန်းတခုမှာ ရောက်ရှိနေပြီး သူတို့ ပြန်လည်လွတ်မြောက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက ဇွန် ၁၈ ရက်က ပြောဆိုခဲ့ပါတယ်။ ဧပြီ ၂ ရက်နေ့က ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်မှာ ဆုထူးစံ ကုမ္ပဏီက ၀န်ထမ်းတွေဟာ ပလက်ဝမြို့နယ်၊ တွင်းကင်းအလောင်းကျေးရွာမှာ အခြေပြုပြီး လမ်းလုပ်ငန်း ဆောင်ရွက်နေချိန် မတ် ၃၀ ရက်မှာ အေအေတပ်ဖွဲ့ဝင် ၁၇၀ လောက် ရောက်ရှိလာပြီး လမ်းလုပ်နေသူ ၁၃ ဦးကို ခေါ်ဆောင်သွားတယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် အေအေအဖွဲ့က စက်ယန္တားတချို့ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဆုထူးစံကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်လောက်ကတည်းက ကုလားတန်မြစ် စီမံကိန်း အတွက်  လုပ်ငန်းတွေကို တာဝန်ယူဆောင်လုပ်ခွင့်ရထားတဲ့ ကုမ္ပဏီတခုဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024