Home
မြန်မာသတင်း
မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် နိုင်ငံရေးပဋိညာဉ် ရှာပုံတော် (နိဂုံးပိုင်း)
နေသွင်
·
November 24, 2012
ပြည်ထောင်စုစနစ် အမျိုးသားကိုယ်ပိုင်လက္ခဏာ (National Identity) နဲ့ပတ်သက်လာရင် မြန်မာပြည်ဟာ ၁၉၇၄ မှာ စခဲ့တဲ့ တတိယလှိုင်းနဲ့အတူ အသွင်ကူးပြောင်းသွားတဲ့ နိုင်ငံတွေထဲမှာတော့ အနက်ရှိုင်းဆုံး ကွဲပြားခြားနားတဲ့ နိုင်ငံတနိုင်ငံလို့ ဆိုရမှာပါ။ မြန်မာ့ပြည် လူဦးရေ ၅၄ သန်းထဲမှာ သုံးပုံတပုံလောက်အထိဟာ ဗမာ မဟုတ်တဲ့ တခြား တိုင်းရင်းသားတွေ ဖြစ်နေပါတယ်။ ဘာသာစကားနဲ့ လူမျိုးစုကိုယ်ပိုင်လက္ခဏာ (Ethnic Identity) တွေမှာလည်း ကွဲပြားခြားနားပါတယ်။ လူမျိုးစု ၁၀၀ ကျော်ထဲမှာ ရှမ်း၊ ကရင်၊ ကရင်နီ၊ ချင်း၊ ကချင်၊ မွန်နဲ့ ရခိုင် စတဲ့ တိုင်းရင်းသားတွေ ပါဝင်ပြီး အဓိက အားဖြင့် မြန်မာပြည်ရဲ့အစွန်အဖျားဒေသတွေမှာ နေထိုင်ကြပါတယ်။ တိုင်းရင်းသားတွေနေတဲ့ အဲဒီ နယ်စပ်ဒေသတွေမှာ ကျွန်းသစ်၊ ကျောက်မျက်တွေလို သဘာဝသယံဇာတတွေ ကြွယ်ဝကြပါတယ်။ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်ကစလို့ အကြမ်းဖက်ပဋိပက္ခတွေဖြစ်ခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့သလို တချို့ဒေသတွေမှာ အခုအချိန်အထိလည်း ပဋိပက္ခတွေက ကျယ်ကျယ်ပြန့်ပြန့် ဆက်ရှိနေတုန်းပါပဲ။ စစ်အစိုးရကလည်း လူမျိုးစုတိုင်းရင်းသားတွေကို အနိုင်ယူပြီး သူတို့ ဒေသက သဘာဝ သယံဇာတတွေကို ထိန်းချုပ်ဖို့ ဆယ်စုနှစ်တွေ ချီပြီး ကြိုးစားလာခဲ့ပါတယ်။ [caption id="attachment_33461" align="alignleft" width="300" caption="Larry Diamond"][/caption] ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဗဟိုက အာဏာတွေကို ခွဲဝေပေးမယ့် အသွင်သဏ္ဌာန်မျိုး ရှိနေပေမယ့် တပြည်ထောင်စနစ်ပုံစံမျိုး ထိန်းချုပ်မှုတွေကတော့ မြင့်မြင့်မားမားရှိနေတုန်းပါပဲ။ တိုင်းရင်းသားတွေကတော့ ဖက်ဒရယ် ပြည်ထောင်စုမျိုးကို လိုလားနေပါတယ်။  ဒါကြောင့် ဗဟိုချုပ်ကိုင်မှု အလွန်အကျွံဖြစ်နေတဲ့ အစိုးရပုံစံမျိုးကနေ လမ်းခွဲလိုက်မှပဲ ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ပေါင်းစည်းမှုအတွက် မျှော်လင့်ချက်ရှိနိုင်ပါလိမ့်မယ်။  ၂၀၁၀ တုန်းက ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုမျိုး ဒုတိယပင်လုံသဘောတူညီချက်တခု  မြန်မာပြည်အတွက် လိုအပ်နေပါတယ်။ ၁၉၄၇ ခုနှစ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရှမ်း၊ ချင်းနဲ့ ကချင် ခေါင်းဆောင်တွေ လက်မှတ်ထိုးခဲ့တဲ့ ပင်လုံသဘောတူညီချက်မှာ နယ်စပ်ဒေသနေ လူနည်းစုအုပ်စုတွေအတွက် ကိုယ့်ဒေသကို အပြည့်အ၀ အုပ်ချုပ်ခွင့်ဆိုတဲ့ ပြည်ထောင်စု အခြေခံမူတွေ ချမှတ်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး ၁၀ နှစ်ကြာတဲ့အခါ ခွဲထွက်ချင်ရင် ခွဲထွက်ခွင့်တောင် ပေးထားခဲ့ပါတယ်။ ဒါပေမယ့် ပင်လုံသဘောတူညီချက်မှာ တိုင်းရင်းသားအုပ်စုတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အခွင့်အရေးတွေနဲ့ပတ်သက်လို့ အသေးစိတ်ပြဋ္ဌာန်းထားခဲ့တာ မရှိခဲ့ပါဘူး။ ဒီလိုနဲ့ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ခွဲထွက်ရေးတွေ အားကောင်းခဲ့ပြီး၊ စစ်တပ်အတွက် အာဏာလွှဲပြောင်းယူဖို့ အဓိက အကြောင်းပြချက် တရပ်ဖြစ်ခဲ့ပါတယ်။ ယနေ့ ကာလမှာလည်း အချိန်တန်ကြာ ဖြေရှင်းမရခဲ့တဲ့  "ဘယ်ပုံစံနဲ့ ပြည်ထောင်စုမျိုး တည်ဆောက်မလဲဆိုတဲ့ ပြဿနာ" (structural problem) ကို အဖြေမရှာနိုင်ရင် မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့ဆိုတာ စိတ်ကူးကြည့်ဖို့ ခဲယဉ်းပါတယ်။ မြန်မာပြည်လိုမျိုး တိုင်းရင်းသားလူမျိုးပေါင်းစုံရှိနေတဲ့ နိုင်ငံကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီကျတဲ့ ယဉ်ကျေးမှု၊ သမိုင်းနဲ့ ဘာသာစကားတွေ တူညီတဲ့ အမျိုးသားနိုင်ငံတော် (Nation-State)  ဖြစ်လာဖို့က အချိန်ယူရပါလိမ့်မယ်။ အဲဒီအစား အိန္ဒိယနိုင်ငံလိုမျိုး တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ (State-Nation) မျိုးက ပိုပြီးကောင်းပါလိမ့်မယ်။ State-Nation လို့ ဆိုလိုက်ရင် ဗဟိုအစိုးရနဲ့ လူများစုတိုင်းရင်းသားအုပ်စုက နိုင်ငံနယ်နိမိတ် အတွင်းမှာ နေထိုင်တဲ့ တခြားတိုင်းရင်းသားအုပ်စုငယ်တွေအပေါ်မှာ သူတို့ စိတ်တိုင်းကျ ဘာသာစကားတခု၊ ယဉ်ကျေးမှုတခုတည်းကို သွတ်သွင်းလို့ မဖြစ်နိုင်ဘူးဆိုတာကို နားလည်ထားရပါတယ်။ အဲဒီအစား  တန်းတူရည်တူ အခွင့်အရေးပေးတဲ့ ဖက်ဒရယ်စနစ် (Asymetrical Federalism) ဒါမှမဟုတ် ဗဟိုအာဏာကို လူနည်းစုတိုင်းရင်းသားတွေကို သိသိသာသာ ခွဲဝေပေးတဲ့ စနစ်မျိုးနဲ့ အသွေးအရောင်မျိုးစုံ၊ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ပြည်ထောင်စုမျိုးကို ဖြစ်လာအောင် အားပေးရပါတယ်။ တိုင်းရင်းသားအုပ်စုတိုင်းရဲ့ဘာသာစကားနဲ့ ယဉ်ကျေးမှုကို အသိအမှတ်ပြုတဲ့ တချိန်တည်းမှာ မတူကွဲပြားတဲ့ တိုင်းရင်းသားအုပ်စုတွေဟာ ပြည်ထောင်စုကြီးရဲ့ အဖွဲ့ဝင်အဖြစ် ဆက်ရှိနေမယ်ဆိုတဲ့ သန္နိဋ္ဌာန်ကိုလည်း စောင့်ထိန်းကြရပါတယ်။ မြန်မာပြည်ကို အိန္ဒိယလို State-Nation နိုင်ငံတနိုင်ငံအဖြစ် တည်ဆောက်ဖို့ဆိုရင် အိန္ဒိယနိုင်ငံမှာလိုပဲ ရှင်သန်အားကောင်းတဲ့ ဒီမိုကရေစီစနစ်တရပ်လည်း လိုအပ်ပါတယ်။ စောစောကလို တန်းတူရည်တူ အခွင့်အရေးပေးတဲ့ ဖက်ဒရယ်စနစ် (Asymetrical Federalism) နဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုတွေအတွက် လုံလောက်တဲ့ ပြဋ္ဌာန်းချက်တွေ လိုအပ်ပါတယ်။ ဒါပေမယ့် လက်ရှိဖွဲ့စည်းပုံမှာ ဗဟိုအစိုးရရဲ့ အာဏာချုပ်ကိုင်မှုကို ဖြေလျော့ရေးနဲ့ပတ်သက်လို့ ပြဋ္ဌာန်းချက်တွေဟာ လုံလောက်တဲ့ အခြေအနေနဲ့ အလှမ်းဝေးနေပါသေးတယ်။ ဖွဲ့စည်းပုံအရ ပြည်နယ်တွေနဲ့ ဒေသကြီးတွေအတွက် လုံလောက်တဲ့ အာဏာ၊ တာဝန်ခံမှုတွေနဲ့ အလှမ်းဝေးနေသလို ဒေသတခုချင်းစီအတွက် ၀န်ကြီးချုပ်တွေကိုလည်း သမ္မတကပဲ ခန့်အပ်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက် ရှိထားပါတယ်။ (လုပ်ထုံးလုပ်နည်းပိုင်းအရ ဒေသန္တရ ဥပဒေပြုအဖွဲ့က သမ္မတ ခန့်အပ်တဲ့ ၀န်ကြီးချုပ်လောင်းကို ပယ်ချပိုင်ခွင့်ရှိတယ် ဆိုပေမယ့် လက်တွေ့မှာတော့ ခက်ခဲနိုင်တဲ့ အနေအထားပါ) ဒီမိုကရေစနစ် တည်ငြိမ်ရေးအတွက်ဆိုရင် အပြည့်အ၀ဒီမိုကရေစီနည်းကျ ဒေသဆိုင်ရာ အစိုးရတရပ် ပေါ်ပေါက်ဖို့နဲ့ သူတို့ဒေသရဲ့ ဖွံ့ဖြိုးရေး၊ သဘာဝသယံဇာတ၊ ယဉ်ကျေးမှုတွေကို အဓိပ္ပာယ် ပြည့်ဝတဲ့ လုပ်ပိုင်ခွင့်တွေ ရှိဖို့ဆိုတာတွေနဲ့ ခွဲခြားလို့ မရနိုင်ပါဘူး။ ဒီလို ပုံစံမျိုး ပြောင်းလဲနိုင် ဖို့ဆိုရင် တဖက်မှာလည်း တိုင်းရင်းသားအုပ်စုတွေဘက်က ပြည်ထောင်စုနဲ့ ဘယ်သော အခါမှ ခွဲထွက်မသွားဘူးဆိုတဲ့ သန္နိဋ္ဌာန်လည်း လိုအပ်ပါတယ်။ ၂၀၁၅ မတိုင်ခင် နိုင်ငံရေးပဋိညာဉ်ရှာပုံတော် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကနေ ရှင်သန်အားကောင်းတဲ့ ဒီမိုကရေစနစ်တရပ် ပေါ်ပေါက်ဖို့၊ ၁၉၉၀ တုန်းကလို ဘေးဒုက္ခနဲ့ မကြုံဖို့၊ အာဏာရှင်တပိုင်းအစိုးရမျိုး ပေါ်ထွက်မလာဖို့ ဆိုရင် လာမယ့် ၂ နှစ်အတွင်းမှာ နိုင်ငံရေးအရ လုပ်ဆောင်စရာတွေ အမြောက်အမြား ရှိနေပါတယ်။ သတင်းကောင်းကတော့ ရွေးကောက်ပွဲမတိုင်ခင် ၃ နှစ် အချိန်ကျန်ပါသေးတယ်။ စိုးရိမ်စရာကောင်းတဲ့ သတင်းကတော့ အသွင်ကူးပြောင်းရေးကာလမှာ အခက်ခဲဆုံး နိုင်ငံရေးကိစ္စဖြစ်တဲ့ နိုင်ငံရေးပဋိညာဉ် (နိုင်ငံရေးသဘောတူညီချက်) အတွက် ညှိနှိုင်းမှုတွေက အခုအချိန်အထိ ဘာတခုမှ မစရသေးတဲ့ ကိစ္စပါ။ ဒီလိုပဲ ဒီမိုကရက်တစ် အုပ်စုတွေကြားထဲမှာ ဒီလိုညှိနှိုင်းမှု မဟာဗျူဟာတရပ် အရေးတကြီး လိုအပ်နေတယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း သဘောပေါက်ပြီး ဒီအခြေအနေ ရောက်လာဖို့ တွန်းတွန်းတိုက်တိုက် ဆောင်ရွက်နေတာမျိုးလည်း အခုထိ မတွေ့ရပါဘူး။ အစိုးရ၊ ဒီမိုကရက်တစ်အုပ်စုတွေ၊ ပြည်သူ၊ စစ်တပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို အင်အားကြီးတဲ့ အတိုက်အခံအင်အားစုတွေ၊ တခြားပါတီငယ်တွေ၊ လူများစု ဗမာတွေ၊ လူနည်းစု တိုင်းရင်းသားအုပ်စုတွေ ကြားထဲမှာ လေးနက်တဲ့ ညှိနှိုင်းမှုတွေ လိုအပ်နေပါတယ်။ ဒါမှပဲ အသေးစိတ်ပြီး၊ အပြန်အလှန်စည်းနှောင်ထားတဲ့ အပေးအယူနဲ့ သဘော တူညီချက်တွေဆီကို တက်လှမ်းနိုင်ပါလိမ့်မယ်။ ကံကောင်းတဲ့ အချက်တခုကတော့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြားမှာ အပြန်အလှန်လေးစားမှုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးရှိပုံတော့ ရပါတယ်။ ဒါပေမယ့် အပြန်အလှန်စကားပြောခြင်း (Dialogue) ဆိုတာဟာ လေးနက်တဲ့ ညှိနှိုင်းမှု (Negotiation) အတွက် အစားထိုးစရာမဟုတ်ပါဘူး။ နောက်တချက်ကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ဘယ်လိုပဲ အများက ကြည်ညို လေးစားပါစေ၊ ဘယ်လိုပဲ သူရဲကောင်းဖြစ်နေပါစေ နိုင်ငံရေးနဲ့ လူမှုအသိုင်းအ၀န်းအရ အသွေးအရောင်မျိုးစုံဖြစ်နေတဲ့ အင်အားစုတွေ အားလုံးရဲ့ကိုယ်စား ညှိနှိုင်းပေးဖို့ ဆိုတာကလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ၂၀၁၅ ခုနှစ်အရောက်မှာ မြန်မာပြည်မှာ ဒီမိုကရေစီဖြစ်ထွန်းလာဖို့၊ အနည်းဆုံး အနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပဋိညာဉ်အရ လွတ်လွတ်ကျွတ်ကျွတ် တက်လှမ်းသွားနိုင်ဖို့ ဆိုရင် လာမယ့် ၂ နှစ်အတွင်းမှာ ဘာတွေ ဖြစ်ပေါ်လာမလဲဆိုတဲ့ အပေါ်မှာ အများကြီး မူတည်နေပါတယ်။ အခုကာလမှာ မြန်မာပြည်က ဒီမိုကရက်တစ်တွေအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ရှေ့ကို ခရီးဆက်နိုင်ဖို့ အပြန်အလှန်လုံခြုံမှုပေးမယ့် စနစ်ကျတဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်ရတော့မယ့် အချိန်ပါပဲ။ နိုင်ငံရေးမှာ အဖြေ သုညထွက်တဲ့ ကစားပွဲ - zero-sum game) ကနေ အပေါင်းရလဒ်ထွက်တဲ့ ကစားပွဲ (positive-sume game) ဖြစ်ဖို့ လိုအပ်ပါတယ်။ အတိုက်အခံတွေဘက်က အစိုးရနဲ့ ထိထိရောက်ရောက် ညှိနှိုင်းဖို့ ဆိုရင် ကိုယ့်အချင်းချင်းကြားမှာ အရင်ညှိနှိုင်းဖို့ လိုအပ်ပါတယ်။ ပိုပြီး စည်းလုံးတဲ့၊ နိုင်ငံရေးအရ၊ ဗျူဟာပိုင်းအရ ဟန်ချက်ညီတယ်ဆိုတာ အစိုးရကို ပြသဖို့ လိုအပ်ပါတယ်။ ဒီညှိနှိုင်းမှုတွေကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ရမယ်ဆိုတာကလည်း ရှင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အန်အယ်လ်ဒီကို ပိုပြီး ခေတ်မီ၊ ပိုပြီး အားကောင်းလာအောင် ဆောင်ရွက်တာနဲ့ တပြိုင်တည်းမှာ တခြားပါတီတွေ၊ တိုင်းရင်းသားတွေနဲ့ မျိုးဆက် အသီးသီးကို စည်းရုံးပြီး ကျယ်ပြန့်တဲ့ အတိုက်အခံအဖြစ် တည်ဆောက်ဖို့ လိုပါတယ်။ တချို့ အမှားအယွင်းမခံနိုင်တဲ့ ညှိနှိုင်းမှုတွေကို သိမ်သိမ်မွေ့မွေ့နဲ့ လုပ်ဆောင်ရမှာတွေလည်း ရှိပါတယ်။ ဒီနေရာမှာ  ယုံကြည်မှုတည်ဆောက်တဲ့ တချို့ကိစ္စတွေကို လူပုဂ္ဂိုလ်အရ ဒါမှမဟုတ် လျှို့လျှို့ဝှက်ဝှက်လည်း ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ တချို့ကိစ္စတွေမှာတော့ ပိုပြီး ကျယ်ပြန့်၊ ပိုပြီး စနစ်ကျတဲ့ ညှိနှိုင်းမှု မူဘောင်ထဲကနေ လုပ်သွားဖို့ လိုအပ်ပါတယ်။ ရှေ့ခရီးမှာ စိန်ခေါ်မှုတွေ ချောက်ချားစရာအတိ ရှိနေတယ်ဆိုတာကတော့ သိပ်ကို သေချာပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ အရင်နဲ့ မတူတဲ့ စိတ်ကူးမျှော်လင့်ချက်တွေ ရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက တောင်အာဖရိကရဲ့အသွင်ကူးပြောင်းရေးကို ကြည့်မယ် ဆိုရင်လည်း အခုလိုပဲ ချောက်ချားစရာတွေအတိနဲ့ မကျော်လွှားနိုင်လောက်တဲ့ စိန်ခေါ်မှုတွေ ရှိခဲ့ပါတယ်။ ဒီလို အကန့်အသတ်အောက်မှာပဲ  လူတွေဟာ သမိုင်းတွေကို ဖန်တီးခဲ့ကြတယ်  မဟုတ်ပါလား၊ အခုလည်း မြန်မာပြည်အတွက် ကြီးမားတဲ့ သမိုင်း အလှည့်အပြောင်းတခုက အစိုးရနဲ့ အတိုက်အခံခေါင်းဆောင်တွေရဲ့လက်ထဲကို ရောက်နေပါတယ်။ အောင်မြင်မလား၊ ကျဆုံးမလား ဆိုတာကတော့ သူတို့အပေါ်မှာပဲ မူတည်နေပါတယ်၊၊ ရည်ညွန်း။    ။ The Need For A Political Pact by Larry Diamond (ဆောင်းပါးရှင် Larry Diamond သည် စတန်းဖို့ဒ်တက္ကသိုလ် (Stanford University) ဒီမိုကရေစီ၊ ဖွံ့ဖြိုးရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာန၏ ညွှန်ကြားရေးမှူးဖြစ်ပြီး၊ ဒီမိုကရေစီဂျာနယ် (Journal of Democracy) ၏ တွဲဖက် အယ်ဒီတာလည်း ဖြစ်ပါသည်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024