Home
မြန်မာသတင်း
ပလက်ဝမြို့နယ်တွင် စစ်ပွဲရပ်တန့်ရန် ချင်းအဖွဲ့အစည်းများတောင်းဆို
နော်နိုရင်း
·
June 28, 2019
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့အကြား တိုက်ပွဲကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်က ပြည်သူတွေ ထိခိုက်ခံစားနေရတယ်လို့  ချင်းအဖွဲ့အစည်းတွေက ကြေညာပါတယ်။ ဇွန်၂၇ ရက်က ထုတ်ပြန်တဲ့အဲဒီကြေညာချက်မှာ တိုက်ပွဲတွေကို အကြောင်းပြုပြီး ဒေသခံပြည်သူတွေ မတရားဖမ်းဆီးခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာစတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ လည်းဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်ကစပြီး  တပ်မတော်နဲ့ အေအေတို့ချင်းပြည်နယ်ပ လက်ဝမြို့နယ် ကင်းတလင်းရွာနားမှာ တိုက်ပွဲဖြစ်ပွားရာကနေ ကင်းတလင်းရွာက ချင်းတိုင်းရင်းသား ၅၄ ဦးတို့ကို အေအေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အဲဒီထဲက ၂ ဦးပြန်လွတ်လာခဲ့ပေမယ့် စိတ်ဝေဒနာတွေ ခံစားနေရတယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဇွန်လ ၂၆ ရက်ကလည်း ကင်းတလင်းရွာသား ၁၂ ဦးထွက်ပြေး လွတ်မြောက်လာခဲ့ပြီး ၄၀ ဦးကတော့ ပြန်လွတ်မလာသေးလို့ မိသားစုတွေက စိုးရိမ်နေကြပါတယ်။ ဇွန်၂၆ ရက်ကထွက်ပြေးလာခဲ့တယ်ဆိုတဲ့ ကင်းတလင်းရွာသား ၁၂ ဦးဟာ လက်ရှိမှာတော့ မီးဇာကျေးရွာရှိ စစ်ဘေးရှောင်စခန်းမှာ ပြန်လည်ရောက်လာခဲ့ပါတယ်။ ဦးအောင်ကျားဆိုတဲ့သူက ဦးဆောင်ထွက်ပြေး လာခဲ့တာဖြစ်ပြီးသူတို့ အားလုံးဟာ မိသားစုဝင်တွေဖြစ်တယ်လို့ ထွက်ပြေးလာသူကို ကူညီပေးနေတဲ့ ဦးထွန်လှိုင်က ပြောပါတယ်။ “ သူတို့ ၅၂ ယောက်က ခိုင်းသမျှအလုပ်ကို လုပ်နေရတယ်လို့ပြောတယ်။ ပြီးခဲ့တဲ့ရက်က လွတ်လာတဲ့သူရဲ့ ပြောပြချက်အရ အဲဒီစခန်းမှာ သူတို့ရဲ့ တောင်ယာအတွက်အလုပ်လုပ်နေရ တယ်တဲ့။ ပြီးလို့ရှိရင်သူတို့အဲဒီမှာနေချိန်ကာလ ထွက်ပြေးဖို့တယောက်နှစ်ယောက်က တိုင်ပင်တာကြားရင် အချုပ်ထဲထည့်ထားတယ်တဲ့။ အဲဒီကနေ သူတို့ကမခံနိုင်လို့သူတို့က ဘာပဲဖြစ်ဖြစ် သေရင်လည်းသေပါစေဆိုပြီးမှ သူတို့ မိသားစုက ထွက်ပြေးတာ။ အခု မီးဇာရဲ စစ်ဘေးရှောင်စခန်းမှာ သူတို့ရေက်ရှိပါတယ်။ အဲဒီမိသားစုကို ဦးဆောင်လာတဲ့ ဦးအောင်ကျားရဲ့အမျိုးသမီးကတော့ သူတို့ဟိုဘက်စခန်းမှာနေတဲ့အချိန်မှာပဲ ဆုံးသွားတယ်တဲ့ ရောဂါကြောင့်။ ” ထွက်ပြေးလာသူတဦးဖြစ်တဲ့ ဒေါ်ရှယ်လေးကတော့  ထိမ်းသိမ်းခံထားရစဉ်မှာ အေအေအဖွဲ့ရဲ့ ခိုင်းသမျှအလုပ်ကို လုပ်ခဲ့ကြောင်း ပြောပါတယ်။ “ဟိုမှာအလုပ်တွေလုပ်ရတယ်။ တောင်ယာအလုပ်တွေလုပ်ရတယ်။ သူတို့ခိုင်းသမျှ အလုပ်တွေလုပ်ရတယ်။  ဟိုမှာ ၃၉ ယောက်ကျန်သေးတယ်။ ” အေအေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကင်းတလင်းရွာသားတွေထဲမှာ ကျောင်းနေ ရွယ်ကလေး ၁၇ ဦးပါဝင်ပြီး သူတို့ကို ဘင်္ဂလားဒေ့ရှိ-မြန်မာနယ်စပ်က ခေါ်ဆောင်သွားကြောင်းနဲ့ သူတို့ကို ပြန်လွှတ်ပေးဖို့ ချင်းလူအခွင့်အရေးအဖွဲ့တွေက ထုတ်ပြန်တောင်းဆိုထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကိုမေးမြန်းရာမှာ ကင်းတလင်းရွာ သားတွေကို အေအေက ဖမ်းဆီးသွားတာမဟုတ်ကြောင့် တိုက်ပွဲဖြစ်ပွားလို့ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့တာလို့ ပြောပါတယ်။ “ဒီဟာက ကျနော်တို့ကို ရည်ရွယ်ချက်ရှိရှိ စွပ်စွဲနေတာလို့ပဲလို့ မြင်တယ်။ ကျနော်တို့ဆီမှာ အဲလိုဖမ်းဆီးထားတာ တယောက်မှမရှိဘူး။ ထိမ်းသိမ်းထားတာလည်း တယောက်မှမရှိဘူး။ သူတို့ပြောတဲ့ ကင်းတလင်းရွာသူရွာသားတွေကို  အဲဒီကင်းတလင်းရွာဖြစ်စဉ်က ဖေဖော်ဝါလထဲမှာ ဗမာစစ်တပ်ကနေပြီးတော့မှ သူတို့ရွာတွေကို လက်နက်ကြီးနဲ့ပစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ကင်းတလင်းမှာပုန်းနေကြတာ။ သူတို့အောက်ကိုလည်းမဆင်းရဲဘူး။ သူတို့ရွာလည်း မပြန်ရဲဘူး။ အဲဒါကြောင့်မို့လို့ ကျနော်တို့က သူတို့ကို ဘေးလွတ်ရာ နယ်စပ်ဒေသဘက်ကို သွားလို့ရအောင် ကျနော်တို့က အကူအညီပေးလိုက်တာပဲရှိတယ်။ အဲဒီနောက်ပိုင်းမှာလည်းပဲ အဲဒီရွာသားတွေက သူတို့ဟာသူတို့ အေးအေး ဆေးအေးပဲ အဲဒီမှာ လုပ်ကိုင်စားသောက်နေကြတာ။ သူတို့ပြောသလိုမျိုး ၅၂ ယောက်လည်းမဟုတ်ဘူး။အဲဒီမှာ အကုန်လုံးသူတို့စလာတုန်းကဆိုရင် ၁၂၄ယောက်၊ အဲဒီမှာသူတို့အေးအေးဆေးဆေး လုပ်ကိုင်စားသောက်နေတယ်။ ကျနော်တို့က သူတို့ကို ဘာမှကန့်သတ်ထိန်းချုပ်ထားတာ ဘာမှမရှိ ဘူး။ ” စစ်ဘေးရှောင်ချင်းတိုင်းရင်းသားများကူညီရေးကော်မီတီက ဒေါ်အိစန္ဒမန်က ဒီစစ်ရေး ပဋိပက္ခဟာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြားဖြစ်ပွားနေတာဖြစ်ပေမယ့် ဒီပဋိပက္ခကြောင့် ချင်းတိုင်းရင်းသားတွေထိခိုက်ခံစားနေရပြီး လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ေ ပြာပါတယ်။ “ ကျမတို့က ဘယ်သူ့ဘယ်သူကိုမှ မျက်နှာမလိုက်ဘူး။ ဖြစ်တဲ့အတိုင်းကိုပဲ ပြောရမယ်ဆိုရင် ပိုပြီးတော့မှ ကျမတို့ ခံနေရတာက ပိုပြီးတော့မှ ကျမတို့အခွင့်အရေးချိုးဖောက်မှုတွေလုပ်နေတာက အေအေဘက်ကဖြစ်နေတယ်ပေါ့နော်။ အဲဒါကတော့ တကယ့်မြေပြင်မှာဖြစ်ပျက်နေ တဲ့အမှန်တရားဖြစ်ပါတယ်။ ကျမတို့ တပ်မတော်ဘက်ကို ဘက်လိုက်နေတာမဟုတ်ဘူး။ အေအေဘက်ကို ဘက်လိုက်နေတာလည်းမဟုတ်ဘူး။ ဖြစ်ပျက်နေတဲ့အနေအထားအရ ကျမတို့အေအေကြောင့်ပိုပြီးတော့ ထိခိုက်နစ်နာတယ်လို့ပြောရမယ်ပေါ့။ ” ဒါကြောင့် နှစ်ဖက်တိုက်ပွဲကြောင့် မြေစာပင်ဖြစ်နေတဲ့ ချင်းတိုင်းရင်းသားတွေအနေနဲ့ ပလက်ဝမြို့တည်ငြိမ်အေးချမ်းမှုရှိစေရေး နိုင်ငံတော်အစိုးရအပါအ၀င် သက်ဆိုင်ရာ ပါဝင်ပတ်သက်နေတဲ့အဖွဲ့တွေအနေနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းရှိစစ်ဘေးရှောင် တွေအတွက် အစိုးရနဲ့ ပြည်တွင်းပြည်ပအလှူရှင်အဖွဲ့အစည်းတွေ အနေနဲ့  အမြန်ဆုံးကူညီ ထောက်ပံပေးဖို့လည်း တောင်းဆိုထားပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကြောင့် လူပေါင်း ၄ သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရနေရကြောင်း ချင်းအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024