ဆူဒန်တွင် အရပ်ဘက်အုပ်ချုပ်ရေး လွှဲပြောင်းပေးရန် တောင်းဆိုဆန္ဒပြ

ဆူဒန်နိုင်ငံ အွမ်ဒါမန်မြို့ လမ်းမတွေပေါ်မှာ ဇွန်လ ၂၇ ရက်နေ့က ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ စုဝေးချီတက်လာပြီး အရပ်ဘက်အုပ်ချုပ်ရေး လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ သူတို့ဟာ ဆူဒန်နိုင်ငံအလံတွေကို ဝှေ့ယမ်းပြီး တူရိယာတွေ တီးမှုတ် ချီတက်လာကြတာပါ။ ဆန္ဒပြသူတွေဟာ ဇွန်လ ၃၀ ရက်နေ့မှာ ကြီးမားတဲ့သပိတ် ဆင်နွှဲဖို့လည်း စီစဉ်ထားကြတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ ဇွန်လ ၂၇ ရက်နေ့ အစောပိုင်းက ခါတွန်မြို့လယ်ခေါင်က စီးပွားရေးတက္ကသိုလ်တခုမှာ  စစ်ဘက်ကောင်စီ အုပ်ချုပ်ရေး ဆန့်ကျင်တဲ့ ဆန္ဒပြ ကျောင်းသားတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ပြီး လူစုခွဲခဲ့ပါသေးတယ်။ အဲဒီနေ့မှာပဲ အွမ်ဒါမန်ရှေ့နေရုံး အပြင်ဘက်မှာ ဒါဇင်နဲ့ချီတဲ့ ရှေ့နေတွေ စုဝေးပြီး အရပ်ဘက်အုပ်ချုပ်ရေး လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့တဲ့အပြင် ဇွန်လ ၃၀ သပိတ်ပွဲမှာလည်း ပူးပေါင်းပါဝင်ကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရုံး အပြင်ဘက်မှာ ထိုင်သပိတ်ဆင်နွဲနေသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖြိုခွင်းမှုအတွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကတည်းက မြို့တော် ခါတွန်မှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်လာခဲ့တာပါ။ ဧပြီ ၁၁ ရက်နေ့မှာ ဆူဒန်စစ်ဘက်ကောင်စီက သမ္မတ ဘာရှားကို ရာထူးက ဖယ်ရှားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရွေးကောက်ပွဲကျင်းပရေးခြေလှမ်း အကူးအပြောင်းကို ဘယ်လိုစီမံခန့်ခွဲမယ် ဆိုတာနဲ့ ပတ်သက်လို့ အတိုက်အခံနဲ့ ဆန္ဒပြသူ ညွန့်ပေါင်းအဖွဲ့နဲ့ စစ်ဘက်ကောင်စီအကြား ဆွေးနွေးပွဲပျက်ပြီးတဲ့နောက် ဆန္ဒပြသူတွေ ဖြိုခွင်းခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up