Home
မြန်မာသတင်း
လိင်လုပ်သားများ ခွဲခြားဆက်ဆံခံနေရဆဲဟု အရပ်ဘက်အဖွဲ့များပြော
DVB
·
June 28, 2019
မြန်မာနိုင်ငံမှာ အသိပညာပေးတာတွေ လုပ်ဆောင်ပေးနေပေမယ့် လိင်လုပ်သားတွေဟာ ခွဲခြားဆက်ဆံခံနေရဆဲဖြစ်တယ်လို့ ကူညီပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။ အရင်က လိင်လုပ်သားတွေအပေါ် ခွဲခြားဆက်ဆံ နှိပ်ကွပ်ခံရမှု များပြားခဲ့ပြီး အခုနောက်ပိုင်းမှာ လိင်လုပ်သား အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီး အဖွဲ့အစည်းတွေက စီမံချက်တွေရေးဆွဲကာ ဝိုင်းဝန်းကူညီမှုတွေပေးခဲ့ကြတဲ့အတွက် အနည်းငယ် လျော့နည်းလာသလိုရှိပေမယ့် ခွဲခြားဆက်ဆံမှုတွေကတော့ ရှိနေဆဲပဲလို့ အမျိုးသမီးအခွင့်အရေး ကူညီပေးနေတဲ့ မန္တလာရောင်စဉ်အဖွဲ့ တော်ဝင်ပန်းစီမံချက် မန်နေဂျာ မထူးဧပရယ်ကျော်က ပြောပါတယ်။ HIVရှိတဲ့ လိင်လုပ်သားတွေအနေနဲ့  ART ဆေးယူချိန်နဲ့ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ ဆွေးနွေးအကြံဉာဏ်ရယူစဉ်မှာတောင် လုပ်ငန်းအပေါ်မူတည်တဲ့ ပြောဆို ဆက်ဆံမှုတွေနဲ့ ခွဲခြားဆက်ဆံခံရမှုတွေက ရှိနေဆဲပဲလို့ ဆိုပါတယ်။ ဒါ့အပြင် အိမ်ထောင်ဘက်နဲ့ ခိုက်ရန်ဖြစ်ပွားချိန်နဲ့ လုပ်ငန်းခွင်မှာ အနိုင်ကျင့်ခံရရင်တောင် တာဝန်ရှိသူတွေထံ တိုင်ကြားလို့ မရနိုင်တဲ့ အခြေအနေတွေရှိနေတယ်လို့ မထူးဧပရယ်ကျော်က ပြောပါတယ်။ လိင်လုပ်သားတွေဟာ အမျိုးသမီးတွေ ဖြစ်တဲ့အတွက် အမျိုးသမီးတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရသင့်တယ်လို့ ဆိုပါတယ်။ ဒီလုပ်ငန်းဟာ နိုင်ငံတကာမှာလို တရားဝင်လုပ်ကိုင်ခွင့်ရရှိပါက HIV ကာကွယ်တားဆီးရာ ရောက်သလို၊ မုဒိမ်းမှုတွေနဲ့ သက်ငယ်မုဒိန်းမှုတွေလည်း လျော့ပါးလာနိုင်ပြီး လိင်လုပ်သား အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေလည်း လျော့ကျလာနိုင်တယ်လို့ လိင်လုပ်သားတွေအရေး ကူညီဆောင်ရွက်ပေးနေနေတဲ့ ရင်ခတ်ပန်းအဖွဲ့မှ ဒေါ်ခင်မြင့်ဝေက ပြောပါတယ်။ လတ်တလောမှာ ၁၉၄၉ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေကို ပြင်ဆင်ဖို့ ဆောင်ရွက်နေကြပြီး ဥပဒေမူကြမ်းထွက်ရှိပြီးပြီလို့ သိရပါတယ်။ ဒီဥပဒေမှာ လိင်လုပ်သားအခွင့်အရေးအတွက် လိင်လုပ်သားတွေ ဖမ်းဆီးခံရပါက ထောင်မချဘဲ ငွေဒဏ်သာချသင့်တယ်လို့ လိင်လုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေတဲ့ လိင်လုပ်သားတဦးကို ထောင်ဒဏ်ချမှတ်ခံရပါက မှီခိုနေရတဲ့ မိသားစုဝင် အမျိုးသမီးတချို့ပါ စားဝတ်နေရေးအခက်အခဲအရ ဒီလုပ်ငန်းခွင်အတွင်း ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအတွက် ကိုယ်ခန္ဓာ ရင်းနှီးလုပ်ကိုင်နေကြသူတွေဖြစ်ပေမယ့် လိင်လုပ်ငန်းကို အလုပ်အကိုင်တခုအဖြစ် တရားဝင်သတ်မှတ်ပေးသင့်တယ်လို့ လိင်လုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ လိင်လုပ်သားအရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကိုလည်း မန္တ​လာရောင်စဉ်အဖွဲ့က ဦးဆောင်ပြီး မန္တ​လေးမြို့မှာ ဆွေးနွေးတာတွေ ပြုလုပ်ခဲ့ကြပြီး ပြည့်တန်ဆာဥပဒေ နဲ့ပတ်သက်ပြီးတော့လည်း ဆက်လက် ဆွေးနွေးမယ်လို့ သိရပါတယ်။ သတင်း- ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024