Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မ ၄၃၅ ကို ထပ်မံ အဓိပ္ပာယ်ဖွင့်စရာမရှိဟု ရှေ့နေချုပ်ရုံးအကြောင်းပြန် 
DVB
·
June 28, 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တိုင်ကြားထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၅ အဓိပ္ပာယ်ဖွင့်ဆိုပေးရေးကိစ္စကို ထပ်မံ အဓိပ္ပာယ်ဖွင့်စရာမရှိဘူးလို့ ရှေ့နေချုပ်ရုံးက လျောက်လဲချက်ပေးလိုက်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ-၄၃၅ ဖြစ်တဲ့ ဖွဲ့စည်းပုံကိုပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ကိုယ်စားလှယ် စုစုပေါင်း ၂၀ ရာခိုင်နှုန်းက တင်ပြလာရင် ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးရမယ်ဆိုတဲ့ အချက်ကို အဓိပ္ပာယ်ဖွင့်ဆိုပေးဖို့ ကြံ့ခိုင်ရေးပါတီက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးကို တိုင်ကြားထားတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဇွန် ၂၇ ရက်က နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးမှာ နှစ်ဖက်ကိုယ်စားလှယ်တွေက အပြန်အလှန်တင်သွင်းတဲ့ လျှောက်လဲချက်တွေကို ကြားနားပြီး ကြံ့ခိုင်ရေးပါတီ တိုင်ကြားထားတာနဲ့ပတ်သက်လို့ ထပ်မံအဓိပ္ပာယ်ဖွင့်ဆိုစရာမရှိဘူးလို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ခုံရုံးကို တင်ပြ ခဲ့တာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။ “အခုနတုန်းက လျှောက်လဲချက်ပေးတာကတော့ ဒါ ပုဒ်မ ၄၃၃ တို့ ၄၃၄ တို့ ၄၃၅ တို့ဆိုတာက လုပ်ထုံးလုပ်နည်းတွေဖြစ်တယ်။ တဖက်တင်ပြတဲ့ အကျိုးဆောင်ကလည်း ဘာပြောလဲဆိုတော့ ဒါဟာ Special Producer ဖြစ်တယ်လို့ ပြောတယ်။ လုပ်ထုံးလုပ်နည်းရဲ့ Special Producer အပေါ်မှာ နောက်ထက် ထပ်ပြီးတော့ အဓိပ္ပာယ် ဖွင့်ဆိုစရာမရှိဘူး။ ဒါဟာ ပုဒ်မ ၃၂၂ နဲ့တော့ အကျုံးမဝင်ဘူးလို့တော့ လျှောက်လဲချက်မှာ တင်ပြသွားတာ ကြားရပါတယ်” ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ အန်အယ်လ်ဒီ ပါတီကနေ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီ တရပ်ဖွဲ့စည်းဖို့ အရေးကြီးအဆိုတင်သွင်းပြီး ပါတီအသီးသီးက ကိုယ်စားလှယ် ၄၅ ဦးပါတဲ့ ကော်မတီတခုကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းအတည်ပြုပေးခဲ့ပါတယ်။ အလားတူ ကြံ့ခိုင်ရေးပါတီကလည်း ဒီကော်မတီနဲ့အပြိုင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနှစ်ခုကို ဖွဲ့စည်းပုံနဲ့အညီ တင်ပြထားပေမယ့် ဥပဒေပါ ပုဒ်မတခုချင်းကို ပြင်ဆင်တာဖြစ်တဲ့အတွက် သီးခြားမဆောင်ရွက်ဘဲ ဥပဒေတခုလုံး ပြင်ဆင်ရေးဆောင်ရွက်နေတဲ့ အဖွဲ့ဝင် ၄၅ ပါ ပူးပေါင်းကော်မတီက တပေါင်းတည်း ဆောင်ရွက်ဖို့ ပြည်ထောင်စုလွှတ်တော်နာယကက ဆုံးဖြတ်ခဲ့ပါ တယ်။ “အဲဒီအစီအစဉ်ကြားထဲမှာပဲ ဒါကို တဖက်ကနေပြီးတော့ ဒေါ်နန်းနီနီအေးတို့ အပါအဝင်ကနေပြီးတော့ ဒါ ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၅ မှာ ဖော်ပြထားတဲ့အချက်ကို ၄၃၃ အရတင်ပြလာမယ်ဆိုရင် ၄၃၅ အရ လက်ခံစဉ်း စားရမယ်ဆိုပြီးတော့ အဓိပ္ပာယ်ဖွင့်ဆို လိုက်တာ” လို့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက အမိန့်ချမယ့်နေ့ကို ကြေညာပေးမယ်လို့ ဆုံးဖြတ်ခဲ့ပြီး ရှေ့နေချုပ်ရုံးရဲ့ တင်ပြချက်နဲ့ပတ်သက်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ်ရှေ့နေကို မေးမြန်းတာမှာတော့ ပြန်လည်ဖြေဆိုခြင်း မရှိခဲ့ပါဘူး။ နေဖြိုးဝင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024