ဖားကန့်တွင် စစ်တပ်အချို့ ဆုတ်ခွာ၊ ပိတ်ထားသောလမ်းများ ပြန်ဖွင့်
နန်းမြနဒီ
·
November 23, 2012
ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ အစိုးရတပ်ကြား ပြီးခဲ့တဲ့လတွေက တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသကနေ အစိုးရစစ်ကြောင်းတချို့ ပြန်လည် ထွက်ခွာသွားကြပြီလို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်။
ဒီနေ့မနက်စောစောက အစိုးရ စစ်ကြောင်းတခုက တပ်ဖွဲ့ဝင်ပေါင်း ၆၀ လောက်ဟာ ဖားကန့်ကနေ ထွက်ခွာသွားတာကို မြင်တွေ့လိုက်ရတယ်လို့ ဖားကန့်မြို့ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးဒါရှီလာဆိုင်းက ပြောပါတယ်။
“သူတို့ ဆုတ်တဲ့သဘောပေါ့။ အသုတ်လိုက် ပြန်တယ်လို့တော့ ကြားတယ်။ ဒီနေ့မနက် တံတားညီနောင်မှာ စစ်တပ်တွေ ပြန်တဲ့ အနေအထား ပုံစံမျိုး ရှိတယ်။ ကာမိုင်၊ မိုးကောင်းဘက်ကို မျက်နှာမူတာပေါ့။ နောက်တန်းပြန်တဲ့ သဘောပေါ့။”
ဖားကန့်ဒေသမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်တွေ၊ တပ်မ ၃၃၊ တပ်မ ၈၈၊ ခလရ ၁၆ စတဲ့ တပ်ရင်းတွေပါ အင်အား ၃၀၀ ကျော်လောက်ဟာ လနဲ့ချီ ရောက်ရှိနေကြပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ဖားကန့်အနီးတ၀ိုက် ကျေးရွာပေါင်း ၁၀ ကျော်က စစ်ဘေးရှောင် ဒုက္ခသည် ၉ ထောင်ကျော် ဖားကန့်မြို့ပေါ်မှာ ၀င်ရောက်ခိုလှုံခဲ့ရတာပါ။
နောက်တန်းပြန်တဲ့ စစ်တပ်တွေနေရာမှာ နောက်ထပ် အစိုးရစစ်ကြောင်းအသစ်တွေ ဖြည့်မလာဘဲ ကျန်တဲ့ တပ်ရင်းတွေလည်း ဆက်ပြီး ဆုတ်ခွာသွားမယ်ဆိုရင် ဖားကန့်အနီးတ၀ိုက်မှာ ၅ လကျော် ဖြစ်ပွားနေတဲ့ ပစ်ခတ်မှုတွေ ရပ်ဆိုင်းသွားပြီး ဒေသခံပြည်သူတွေလည်း အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်နိုင်မယ်လို့ ဦးဒါရှီလာဆိုင်းက ပြောပါတယ်။
ဒီမတိုင်ခင် နိုဝင်ဘာ ၁၉ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ ဖားကန့်မြို့လယ်မှာရှိတဲ့ အစိုးရတပ် စစ်ဗျူဟာကုန်းကနေပြီး မြို့ပြင်က ကေအိုင်အေစစ်သားတွေ တည်ရှိရာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုခဲ့ပါတယ်။
လွန်ခဲ့တဲ့ အပတ်က အကျဉ်းသားတွေ တင်ဆောင်လာတဲ့ အစိုးရယာဉ်တန်းတခု ဗုံးခွဲတိုက်ခိုက်ခံရလို့ ၅ ရက်လောက် ပိတ်ထားခဲ့တဲ့ ဖားကန့် - မိုးကောင်းသွား ကားလမ်းကိုလည်း မနေ့က ပြန်ဖွင့်လိုက်ပြီလို့  ဒေသခံက ပြောပါတယ်။