ကိုရီးယားကြယ်ပွင့် အွန်စောဇနီးမောင်နှံ ကွာရှင်းပြတ်စဲတော့မည့် သတင်းကြောင့် ပရိသတ်များ ဝမ်းနည်း

ဓာတ်ပုံ - Yonhap via Reuters
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က လက်ထပ်ခဲ့ကြပြီးနောက် ကွာရှင်းပြတ်စဲကြတော့မယ့် တောင်ကိုရီးယား သရုပ်ဆောင်ကြယ်ပွင့် နှစ်ဦးဖြစ်တဲ့ ဆောင်းဟေဂျိုနဲ့ ဆောင်ဂျွန်ကီတို့ရဲ့ ကွာရှင်းပြတ်စဲကြတော့မယ့် သတင်းကြောင့် သူတို့ရဲ့ အမာခံပရိသတ်တွေ ဝမ်းနည်း စိတ်မကောင်း ဖြစ်နေကြပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၁၆ ခုနှစ်က နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲ တခုဖြစ်တဲ့ "Descendants of the Sun” ဇာတ်လမ်းမှာ စစ်ဗိုလ်နဲ့ ဆရာဝန်မလေး ဇာတ်ရုပ်တွေနဲ့ အတူဆုံတွေ့ခဲ့ကြတာပါ။ အသက် ၃၃ နှစ်အရွယ် မင်းသား ဆောင်ဂျွန်ကီရဲ့ ရှေ့နေကတဆင့် ထုတ်ပြန်ချက်ထဲမှာတော့ သူ့အနေနဲ့ ဆောင်းဟေဂျိုနဲ့ ကွာရှင်းပြတ်စဲဖို့အတွက် ဥပဒေကြောင်းအရ လုပ်ဆောင်သွားဖို့ ရှိနေပြီး အချေအတင်ငြင်းခုံတာ၊ အပြစ်တင်တာမျိုးတွေထက် ပိုသိမ်မွေ့တဲ့ နည်းလမ်းနဲ့ နှစ်ယောက်စလုံး အေးအေးဆေးဆေး လမ်းခွဲနိုင်ကြဖို့ မျှော်လင့်တယ်လို့ ဖော်ပြထားတာပါ။ မြန်မာပရိသတ်တွေက အွန်စောလို့ သိကြတဲ့ အသက် ၃၇ နှစ်အရွယ် သရုပ်ဆောင် မင်းသမီး ဆောင်းဟေဂျိုရဲ့ အေဂျင်စီကတဆင့် ထုတ်ပြန်ချက်မှာတော့ သူတို့ကွာရှင်းရတဲ့ အကြောင်းရင်းဟာ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ယောက်ဟာ ထင်ရှားတဲ့ ဒရာမာဇာတ်လမ်းတွေ၊ သီချင်းတွေနဲ့ ကိုရီးယားလှိုင်းရဲ့ တစိတ်တဒေသဖြစ်ပြီး သတင်းစာမျက်နှာတွေပေါ်မှာ ထင်ရှားကျော်ကြားကြသူတွေ ဖြစ်ကြပါတယ်။ အားလုံးရဲ့စံပြ အကောင်းဆုံးစုံတွဲလို့ ပရိသတ်တွေ အားကျရတဲ့ သူတို့နှစ်ယောက်ရဲ့ ကွာရှင်းပြတ်စဲမှုဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပရိသတ်တွေကြားမှာတော့ အပြောများတဲ့ သတင်းတပုဒ် ဖြစ်နေပါတယ်။ BbHourBlythe အမည်နဲ့ တွစ်တာအသုံးပြုသူ တဦးကတော့ “ဒါဟာ တခါက အလှပဆုံး အချစ်ပုံပြင်လေးတပုဒ်ရဲ့ အဆုံးသတ်ပါပဲ။ ကိုယ်ကတော့ ပရိသတ်တယောက်အနေနဲ့ ဆက်ရှိသွားမှာပါ” လို့ မှတ်ချက်ရေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up