“ကျနော့်ကလေးတွေ ဂေးဖြစ်နေရင်တောင် ကျနော် ပံ့ပိုးပေးသွားမှာပါ” – ဗြိတိန်တော်ဝင်မင်းသား ဝီလျံ (ရုပ်သံ)

ဗြိတိန်တော်ဝင်မင်းသား ဝီလျံက သူ့ရဲ့ကလေးတွေဟာ ဂေးဖြစ်နေခဲ့ရင်တောင် သူ့အနေနဲ့ အပြည့်အဝ ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ လန်ဒန်မှာကျင်းပတဲ့ လိင်တူချစ်သူတွေရဲ့ ပရိုက်ဒ် (Pride) ပွဲတော်မှာ ပြောလိုက်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ကလေးတွေ ရင်ဆိုင်ဖြတ်ကျော်ကြရမယ့် အတားအဆီး အခက်အခဲတွေ အတွက်တော့ စိုးရိမ်စိတ်ပူမှုတွေ ရှိတယ်လို့ ဆိုပါတယ်။ “ကျနော့်မိသားစုက အထူးသဖြင့် အပြုသဘောဆောင်တဲ့အမြင် ရှိကြပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး နည်းနည်းတော့ စိတ်ပူမိတယ်။ သူတို့ ဘယ်လိုပဲ ဆုံးဖြတ်သည်ဖြစ်စေ ကျနော်က အပြည့်အဝ ပံ့ပိုးပေးသွားမှာပါ။ ဒါပေမယ့် မိဘတယောက်ဘက်က အမြင်နဲ့ ဆိုရင်တော့ အခက်အခဲတွေ၊ အမုန်းစကားတွေ၊ ညှဉ်းပန်းနှိပ်စက်တာတွေ၊ ကုန်ကုန်ပြောရရင် ခွဲခြားဆက်ဆံခံရတာမျိုးတွေ အထိ အကျိုးဆက်ဖြစ်လာမယ့် အရာတွေအတွက် ကျနော့်ကို ပူပန်မှု ဖြစ်စေပါတယ်။” အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကင်းဘရစ်ခ်ျမြို့စား မင်းသား ဝီလျံမှာ ကြင်ယာတော် ကိတ်မစ်ဒယ်လ်တန်နဲ့ ရရှိထားတဲ့ ရင်သွေး ၃ ဦး ရှိနေတာပါ။ သူဟာ ဗြိတိန်တော်ဝင်နန်းဆက်ရဲ့ ထီးနန်းအရိုက်အရာခံမယ့် မင်းသားတပါးဖြစ်ပြီး အယ်လိဇဘက်သ် ဘုရင်မကြီးရဲ့ မြေးတော်၊ ချားလ်စ်မင်းသားနဲ့ မင်းသမီး ဒိုင်ယာနာတို့ရဲ့ သားအကြီး ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up