Homeမေးမြန်းခန်း
စာပေဆုရွေးချယ်တဲ့နေရာမှာ တဦးတယောက်က ဝင်ရောက်မစွက်ဖက်ဖို့လိုတယ် – မင်းယုဝေ
စာပေဆုရွေးချယ်တဲ့နေရာမှာ တဦးတယောက်က ဝင်ရောက်မစွက်ဖက်ဖို့လိုတယ် – မင်းယုဝေ
ရွှေအောင်
·
November 23, 2012
အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့ဟာ ၂၀၁၁ ခုနှစ် အတွက် ဆုရသူ စာရင်းတွေကို ထုတ်ပြန်ကြေညာခဲ့ပြီး အမျိုးသားစာပေ တသက်တာဆုကို စာရေးဆရာကြီး မင်းယုဝေက ရရှိခဲ့ပါတယ်။
အခြား ဆုအမျိုးအစား ၁၃ ခုအတွက် စာရေးဆရာနဲ့ ကဗျာဆရာတွေဖြစ်တဲ့ ရဲမြတ်တင်၊ ပျဉ်းမနား မောင်နီသင်း၊ ကေသီပန်ဦးလှမြင့်၊ နတ်မောက်ထွန်းရှိန်၊ မောင်စိမ်းနောင် (လယ်ဝေး)၊ ဦးကြည်မြင့် (လသာ)၊ တင်မောင်မြင့်၊ ဦးဝင်းနိုင် (ညွှန်မှူး၊ ငြိမ်း)၊ ဒေါက်တာခင်မောင်ဆွေ၊ သောင်းညွန့်သစ်၊ ငြိမ်းမင်း၊ ကိုကိုမောင်ကြီးနဲ့ အငြိမ်းစား သံအမတ်ကြီး ဦးသက်ထွန်းတို့ ဖြစ်ကြပါတယ်။ ၂၀၁၁ ခုနှစ်အတွက် ပေးတဲ့ ဆုထဲမှာ ဝတ္ထုရှည် ဆု မပါဝင်ဘူးလို့ သိရပါတယ်။
၂၀၁၁-ခုနှစ်အတွက် အမျိုးသားစာပေ တသက်တာဆုရ စာရေးဆရာကြီး မင်းယုဝေ နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
ဆရာ အခု တသက်တာစာပေဆုရတဲ့အချိန်မှာ ဆရာရဲ့ စာရေးသက် ဘယ်လောက်လောက်ရှိတဲ့ အချိန်မှာ ရရှိတာပါလဲ။
“သက်တမ်း ၆၀ ကျော်ပြီ။ ၁၇ နှစ်သားအရွယ်က စပြီး ပုံနှိပ်စာအုပ်တွေမှာပါတယ်လေ။ စာပေ သက်တမ်း ၆၀ ကျော်ပါပြီ။”
ဆရာတောက်လျှောက်လိုလို ရေးလာခဲ့တဲ့ စာပေအမျိုးအစားက ဘယ်လိုဟာမျိုးလဲ။
“ကျနော်က ကဗျာလည်း ရေးတယ်၊ ဆောင်းပါးလည်း ရေးတယ်၊ ဆောင်းပါးမှာ အတ္ထုပ္ပတ္တိတွေ ဦးစားပေးတယ်၊ နောက်ပိုင်း လုံးချင်း အတ္ထုပ္ပတ္တိတွေ ရေးတယ်။”
ဆရာ ဒီနေ့အထိ ရေးသားပြုစု ထုတ်ဝေပြီးတဲ့ စာအုပ်စာတမ်းပေါင်း ဘယ်လောက်လောက် ရှိပါပြီလဲ။
“အားလုံး လုံးချင်း စာအုပ် ၆၀ ကျော်၊ ကဗျာပုဒ်ရေပေါင်း ၃၀၀ ကျော်၊ စာနယ်ဇင်းမှာ ပါခဲ့တဲ့တဲ့ ဆောင်းပါးက ၂၀၀၀ ကျော်။”
ဆရာ့ကို အခု နိုင်ငံတော်ကနေ တသက်တာစာပေဆု အသိအမှတ်ပြုပေးလိုက်တော့ ဆရာ ဘာများ ထူးထူးခြားခြား ခံစားရပါလဲ။
“ငါကြိုးစားဆောင်ရွက်နေတာကို အားပေးပါလားဆိုတဲ့ ခံစားချက်ပါပဲ။”
ဆရာ နောက်ကျနေပြီလို့ မထင်မိဘူးလား။ ဆရာ့ကိုပေးသင့်တာ ကြာပြီလို့ရော မထင်မိဘူးလား။
“ဒါတော့ ထင်တာပေါ့ဗျာ၊ ကျနော်က ၈၅ နှစ်လောက်တောင် ရှိပြီ။ နောက်ကျတာပေါ့။ ဒါပေမယ့် စာရေးဆရာတို့ မည်သည် ဆုရတာ မရတာ ထားပါ၊ ကိုယ့်ဘာသာ ဒီလိုပဲရေးနေပါတယ်။ ပြောတာမှန်ပါတယ် နောက်တော့ နောက်ကျတာပေါ့။”
အခုလက်ရှိ စာပေလောက အနေအထားပေါ်မှာ ဆရာနည်းနည်းသုံးသပ်ပေးပါလား။ တချို့တွေပြောနေကြတာ၊ ကျနော်တို့လည်း တွေ့နေရတာက အခု သတင်းခေတ်ကြီးဖြစ်နေတော့ကာ ရသစာပေက အားနည်းနေတယ်လို့ သုံးသပ်နေတာ ရှိတယ်လေ။
“သိပ်မှန်တယ်၊ ရသစာပေ အားနည်းနေတယ်။ ဗဟုတတွေကတော့ ရတယ်၊ အံ့မခန်းလောက်အောင် ဗဟုသုတတွေရတယ်၊ ဒါက ဂျာနယ်တွေရဲ့ ကျေးဇူးပါပဲ။ ပြီးတော့ စာအပ်တွေထုတ်တာလည်း သုတကို အားပေးတာများတယ်။ ရသက နည်းတယ်၊ ရသ များမှသာလျှင် စိတ်ကောင်း၊ စေတနာကောင်းတွေပေါ်ထွန်းမယ့် စိတ်ဓာတ်တွေပေါ်လာနိုင်တယ်။ ရသ ပိုင်းက အားနည်းနေသေးတယ်လို့ ထင်ပါတယ်။”
ဘာကြောင့် စာပေလောကမှာ ရသစာပေတွေ အားနည်းသွားတာလဲ။
“ခေတ်လည်းပါတယ်ဗျ။ အရင်တုန်းက နဝတ ခေတ်ပေါ့ဗျာ၊ ဆင်းရဲတာတွေအကြောင်း သရုပ်ဖော် ဝတ္ထုတွေ ရေးမယ်ဆိုရင် စာပေစိစစ်ရေးက လက်မခံဘူးဗျ။ ဝတ္ထုတိုတို့၊ ဝတ္ထုရှည်တို့ ကဗျာတို့ကလည်း ရသစာပေပဲ။ အဲဘက်က အားနည်းသွားတယ်။ ပြီးတော့ ဝမ်းနည်းဖို့ကောင်းတာက ရသစာပေ ဖတ်တဲ့ ပရိသတ်ကလည်း နည်းသွားတယ်။ သုတပဲအရမ်းအားသန်နေကြတယ်။ ဘာလို့ဆို နိုင်ငံရေးကလည်း ပါတာကို။”
ဆရာတို့ နှစ်ပေါင်းများစွာ စာတွေရေးလာသူတယောက်အနေနဲ့ ဘယ်လိုအဖြေထုတ်လို့ ရနိုင်မလဲ။ ဆိုလိုတာက ခေတ်ကပြောင်းနေတယ်၊ လူတွေက နိုင်ငံရဲ့ ခေတ်စနစ် အပြောင်းမှာ အာရုံတွေစိုက်ပြီး ဒီလိုတွေဖြစ်တာလား။ နောင်ဆိုရင်ရော ရသ ဘက်ကို လူတွေပြန်လှည့်နိုင်မလား။ ဘယ်အခြေအနေမှာ ရသဘက်ကို လူတွေပြန်လှည့်နိုင်မလဲ။ ဆရာ ဘယ်လိုမြင်ပါလဲ။
“အခုက စာပေလွတ်လပ်ခွင့်ရသွားပြီ။ အရင်က စာအုပ်တွေတင်ရတယ်၊ အခု တင်ဖို့မလိုတော့ဘူး။ ရသဘက်ကို ရေးကြပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ နိုင်ငံပြုပြင်ရေးအတွက်လည်း သုတပိုင်းက ပေးသလို၊ ရသပိုင်းက ပေးတာတွေလည်း ပေါ်ပါလိမ့်မယ်။ ”
အခုခေတ်စနစ်ပြောင်းနေပြီး စာပေစိစစ်ရေး ဖြေလျော့ပေးတာ အပါအဝင် စာပေအနုပညာကဏ္ဍတွေမှာ နည်းမျိုးစုံနဲ့ လိုအပ်တာတွေတောင်း၊ ပယ်ဖျက်၊ သမဂ္ဂတွေဖွဲ့၊ စာနယ်ဇင်းကောင်စီဖွဲ့ လုပ်နေကြတယ်။ အမျိုးသားစာပေဆုနဲ့ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ ကော်မတီဝင်တွေကို မေးတော့ အရင် စည်းမျဉ်း စည်းကမ်းမူဘောင်တွေအတိုင်း၊ အရင်လူတွေနဲ့ပဲ လုပ်နေတယ်။ ရှေ့နှစ်လောက်မှ ပြောင်းမယ်လို့ ပြောတယ်။ ခေတ်စနစ်ပြောင်းနေတဲ့အချိန်မှာ စာပေဆုရွေးချယ်ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုမူတွေနဲ့ ဆောင်ရွက်သင့်သလဲဆိုတာ အကြံပြုပေးပါ။
“ကျနော်က အမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့မှာ မြဝတီ အယ်ဒီတာချုပ် ဘဝနဲ့ ကိုယ်စားလှယ်အနေနဲ့ ပါဖူးတယ်။ ၁၀ နှစ်လောက် လုပ်ဖူးတယ်။ အဲတုန်းက ကျနော်တို့ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတယ်။ အခုလည်း လွတ်လွတ်လပ်လပ်လုပ်ပြီး ပြန်ကြားရေးဝန်ကြီးကို တင်ရတယ်။ ဆိုတော့ ကျနော်တို့ ရွေးလိုက်တယ်၊ ဝန်ကြီးက ပယ်လိုက်တယ်ဆိုရင် သွားတာပဲ။ အခုတော့ ဝန်ကြီးသစ်ကလည်း ပြောင်းတော့ ပြန်ခွင့်ပြုလိုက်တယ်လို့ ထင်တယ်။ ကျနော်တောင်မှ ဝန်ကြီးသစ်ပြောင်းလို့ ရတာလို့ ထင်တာပဲ။
ဆရာဆိုလိုတာက စာပေပညာရှင်တွေပဲ သီးသီးသန့်သန့်ရွေးပြီး သက်ဆိုင်ရာ လူကြီးမင်းတွေအနေနဲ့ ဝင်မစွက်ဖက်တာ ကောင်းလား။ ဆရာ နည်းနည်းလေး ဆွေးနွေးပေးပါ။
“အခုလည်း စာပေပညာရှင်တွေပါပါတယ်၊ အထက်က တဦးပဲ၊ ဝန်ကြီးကနေ အောက်က စာပေပညာရှင်တွေရဲ့ ရွေးချယ်မှုကို ရှောရှောရှူရှူ လက်ခံလိုက်ရင် ပြေလည်သွားပါမယ်။ အခုတော့ ဝင်ရောက်မစွက်ဖက်ဘူးထင်တာပဲ၊ ဒါကြောင့် ကျနော်ရတယ်ထင်တယ်။”
ဆရာ အခု တသက်တာစာပေဆုရတာနဲ့ ပတ်သက်ပြီး ဆရာပြောလိုတာရှိရင် ပြောပေးပါ၊ စာဖတ်ပရိသတ်တွေအတွက်ရောပေါ့။
“ကျနော် အခု သိပ်စိတ်ဝင်စားတာက ဆင်းရဲမွဲတေမှုလျှော့ချရေး ပပျောက်ရေး၊ ဒါ စာပေကလည်း တတပ်တအားပါဝင်ရမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ဆီမှာ ကွာဟမှုတွေ သိပ်များတယ်။ ချမ်းသာတဲ့သူက တအားချမ်းသာတယ်၊ လူနည်းစုပေါ့ဗျာ။ ဆင်းရဲသူက အများစု၊ သိပ်ကွာဟတယ်။ အဲ ဆင်းရဲချမ်းသာကွဟာမှုကို လျော့ပါးသွားအောင် ကျနော်တို့ စာပေဘက်ကလည်း ဝိုင်းဝန်းအားပေး ရေးသားကြမယ်ဆို ပိုကောင်းပါတယ်လို့ ယူဆပါတယ်။”