ပတ်ဂျီဆန်နှင့် ပတ်သက်ပြီး နောင်တရစရာ အဖြစ်အပျက် ဖာဂူဆန် ထုတ်ပြော

ပတ်ဂျီဆန်နဲ့ပတ်သက်ပြီး နောင်တရစေခဲ့တဲ့ အ​ကြောင်းတခုကို နည်းပြ​ဟောင်း ဖာဂူဆန်​က ထုတ်​​ဖော်ပြောကြားသွားပါတယ်​။ မန်ချက်စတာယူနိုက်တက်အသင်း နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ဟာ အသင်းကို ၂၆ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး ၂၀၁၃ ခုနှစ်က အသင်းကနေ ထွက်ခွာခဲ့တာပါ။ သူ့ရဲ့ ယူနိုက်တက်အသင်း နည်းပြဘဝမှာ နောင်တရမိတဲ့ ဖြစ်ရပ်အနည်းငယ် ရှိခဲ့ပြီး တောင်ကိုရီးယား ကစားသမားဟောင်း ပတ်ဂျီဆန်နဲ့ ပတ်သက်တဲ့ နောင်တရစရာ အဖြစ်အပျက်တခုကို မန်ယူတီဗွီနဲ့ အင်တာဗျူးမှာ ပြန်လည်ပြောပြသွားပါတယ်။ ၂၀၀၈ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပတ်ဂျီဆန်ကို ဗိုလ်လုပွဲကစားမယ့် လူစာရင်းကနေ ချန်လှပ်ခဲ့တာက မိမိအတွက် နောင်တရစရာတခု ဖြစ်ပြီး ပတ်ဂျီဆန်ဟာ ​​​အဓိက အခန်းကဏ္ဍကနေ ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း အဲဒီလို ဗိုလ်လုပွဲမျိုးမှာ သူ့ကို လူစာရင်းထဲ မထည့်နိုင်ခဲ့တာက အခက်အခဲတခု ဖြစ်ခဲ့တယ်​​​​လို့ ဖာဂူဆန်က ပြန်ပြောခဲ့တာ ဖြစ်ပါတယ်။ ပတ်ဂျီဆန်ဟာ ဘာစီလိုနာအသင်းကို နှစ်ကျော့ပေါင်း ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် ၂ ပွဲလုံးမှာ ပွဲထွက်ကစားခွင့် ရခဲ့ပေမယ့် ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာတော့ ချန်လှပ်ခံခဲ့ရတာ ဖြစ်​ပါတယ်​။ ပတ်ဂျီဆန်ဟာ မန်ယူအသင်းမှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ပွဲပေါင်း ၂၀၅ ပွဲ ကစားခဲ့ပြီး ၂၇ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ကစားသမားဟောင်းတဦး ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up