အရှုံးပေါ်နေသည့် မြန်မာ့လေကြောင်းကို စီးပွားရေးအဖွဲ့အစည်းအဖြစ် ပြောင်း
အရှုံးပေါ်နေတဲ့ အစိုးရပိုင် မြန်မာ့လေကြောင်းကို စီးပွားရေးအဖွဲ့အစည်းတခုအဖြစ် ပြောင်းလဲဆောင်ရွက်ဖို့ အမိန့်ညွှန်ကြားချက်တရပ် ထုတ်ပြန်လုပ်ပိုင်ခွင့်ပေးလိုက်ကြောင်း နိုဝင်ဘာ ၁၆ ရက် အစိုးရ ပြန်တမ်းဖော်ပြချက်အရ သိရပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့က ထုတ်ပြန်တဲ့ “၂၀၁၂ ခုနှစ် မြန်မာ့လေကြောင်းအား တာဝန်နှင့်လုပ်ပိုင်ခွင့်များ အပ်နှင်းသည့်အမိန့်” မှာ မြန်မာ့လေကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်တဲ့ စီမံခန့်ခွဲရေး အဖွဲ့တခု ဖွဲ့စည်းစေပြီး လုပ်ငန်းတွေအားလုံး စီးပွားရေးဆန်ဆန် လုပ်ကိုင်ဆောင်ရွက်ဖို့ ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။
ဒီအတွက် ကနဦး လုပ်ငန်းအနေနဲ့ မြန်မာ့လေကြောင်း လေယာဉ်လက်မှတ်တွေကို ထောက်ခံစာတွေနဲ့တကွ ခက်ခက်ခဲခဲ ၀ယ်ယူတဲ့ စနစ်ကနေ အခြားလေကြောင်းလိုင်းတွေနည်းတူ အလွယ်တကူ ကြိုတင်ဝယ်ယူနိုင်တဲ့ စနစ် စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း ကမ်းနားလမ်း မြန်မာ့လေကြောင်း လက်မှတ်အရောင်းဌာနက စုံစမ်းသိရပါတယ်။