တောင်ကြီးမြို့တွင် ဒေါ်လာသန်း ၁၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး
DVB
·
June 26, 2019
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ အမေရိကန်ဒေါ်လာ သန်း ၁၅၀ လောက်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ ဓာတုပစ္စည်းတွေကို တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းမှာ ဒီကနေ့ ဇွန်လ ၂၆ ရက်က မီးရှို့ဖျက်ဆီးလိုက်ပါတယ်။
ရှမ်းပြည်နယ်အတွင်း နှစ်အလိုက် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ် ဓာတုပစ္စည်း မီးရှို့ဖျက်စီးရာမှာ အရင်နှစ်ကထက် ဒီနှစ်မှာ ပမာဏပိုများခဲ့တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဇော်ခင်အောင်က ပြောပါတယ်။
“ရှမ်းပြည်နယ်ဟာ နယ်စပ်ဒေသဖြစ်သလို သွားလာရခက်ခဲတဲ့ဒေသတွေ ဖြစ်တဲ့အတွက် မူးယစ်ဆေးဝါး ထုတ်လုပ်တာ များတယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးတာ လျော့ကျလာပေမယ့် ဓာတုဆက်စပ်ပစ္စည်းတွေက ပိုမိုများပြားလာတယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးပပျောက်ရေး သုံးစွဲတာတွေနဲ့ ထုတ်လုပ်တာတွေ လျော့ချနိုင်ဖို့ တားဆီး နှိမ်နင်းရေးတွေ ဆက်တိုက် လုပ်ဆောင်မှ ထိရောက်မယ်”
ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကလည်း မူးယစ်ဆေးဝါးဟာ လူငယ်တွေအပြင် လူမှုပတ်ဝန်းကျင်ကိုပါ ခြိမ်းခြောက်နေတယ်လို့ ဒီကနေ့ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနဲ့ တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ရှမ်းပြည်နယ်မှာ ၂၀၁၅ ခုနှစ် က အမေရိကန်ဒေါ်လာ ၈၂ သန်းကျော်၊ ၂၀၁၆ ခုနှစ် အမေရိကန်ဒေါ်လာ ၃၁ သန်းကျော်၊ ၂၀၁၇ ခုနှစ် အမေရိကန်ဒေါ်လာ ၁၄၃ သန်းနဲ့ ၂၀၁၈ ခုနှစ် အမေရိကန်ဒေါ်လာ ၁၀၉ သန်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ မီးရှိုဖျက်ဆီးခဲ့ပါတယ်။
တနိုင်ငံလုံး အတိုင်းအတာအနေနဲ့လည်း ဒီနှစ်မှာ ရှမ်းပြည်နယ်က မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်း ဒေါ်လာ သန်း ၁၅၀ ကျော်နဲ့ အများဆုံး မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ခွန်ရာဇာ