Home
မြန်မာသတင်း
အင်တာနက်လိုင်း ပြန်ဖွင့်ပေးရေး အရေးကြီးအဆို ရခိုင်လွှတ်တော်အတည်ပြု
DVB
·
June 26, 2019
ရခိုင်ပြည်နယ်မှာ အင်တာနက်လိုင်းပိတ်ထားတာကို ဖွင့်ပေးဖို့ ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း တင်သွင်းထားတဲ့ အရေးကြီးအဆိုကို ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ဒီကနေ့အတည်ပြုလိုက်ပါတယ်။ အဲ့ဒီအဆိုကို ဇွန်လ ၂၄ ရက်က ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ မင်းပြားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်သိန်းက တင်သွင်းခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက ထောက်ခံဆွေးနွေး ပြီးနောက် ကန့်ကွက်သူမရှိ ရခိုင်ပြည်နယ် လွှတ်တော်မှာ အတည်ပြု လိုက်တာဖြစ်ပါတယ်။ မြန်မာ့တပ်မတော်က ပြောကြားထားသလို လူမျိုးရေးပဋိပက္ခအသွင်ကူးပြောင်းမှာကို စိုးရိမ် လို့ အင်တာနက်လိုင်းကို ပိတ်တာလို့ဆိုရင် ရခိုင်နဲ့ ချင်းပြည်နယ်သာမက ပြည်နယ်နဲ့ တိုင်း ၁၄ ခုစလုံးကို ပိတ်သိမ်းသင့်တာကြောင့် အခုလို ထောက်ခံရတာလို့ ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က ပြောပါတယ်။ ဒီအဆိုကို လွှတ်တော်က အတည်ပြုလိုက်ပေမဲ့လည်း အင်တာနက်လိုင်းတွေ ပိတ်ထား တာကြောင့် ပြည်သူတွေရော တပ်မတော်ဘက်ကပါ ထိခိုက်မှုရှိနေတယ်ဆိုတာမှန်ပေမယ့် ဖုန်းပြောဆိုမှုတွေကို မပိတ်ဘဲ အင်တာနက်တခုတည်းကိုသာ ပိတ်ထားတာဖြစ်တဲ့အတွက် ကြောင့် သတင်းအမှောင်ချတယ်ဆိုတဲ့ပြောဆိုချက်ကိုတော့ တပ်မတော်ဘက်က လက်မခံပါဘူး။ ဒီကနေ့ ကျင်းပတဲ့လွှတ်တော်အစည်းအဝေးမှာ ပြည်နယ်အစိုးရအဖွဲ့က မတက်ရောက်ပေမယ့် အင်တာနက်လိုင်းပိတ်ထားတဲ့ကိစ္စဟာ ပြည်ထောင်စု ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဆက်သွယ်ရေးဥပဒေပါအတိုင်း ဆောင်ရွက်ထားတာဖြစ်တဲ့အတွက် ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ဒီအဆိုအပေါ် ပြောကြားစရာမရှိကြောင်းနဲ့ လွှတ်တော်ရဲ့ သဘောအတိုင်း ဆောင်ရွက်ဖို့ အကြာင်းပြန်စာပေးပို့လာကြောင်း  လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေကြတဲ့ ဆက်သွယ်ရေးလိုင်းတွေဖြစ်တဲ့ MPT၊ Ooredoo၊ Telenor နဲ့ Mytel စတဲ့ ဆက်သွယ်ရေးလိုင်းတွေ အကုန်လုံးကို ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၈ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြိုနယ်တို့မှာ ဒီလ ၂၁ ရက်ကနေ စတင် ဖြတ်တောက် လိုက်တာပါ။ သက်ဆိုင်ရာ ဖုန်းအော်ပရေတာတွေကတော့ အဲ့ဒီဒေသတွေအတွင်း ဒေတာနဲ့ အင်တာနက်ဝန်ဆောင်တာတွေကို ယာယီရပ်ဆိုင်းဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်းနဲ့ ဖုန်းခေါ်တာနဲ့ စာတိုဝန်ဆောင်မှုတွေကိုတော့ အရင်အတိုင်းရရှိ နေမယ်လို့ စာတိုပေးပို့ထားပါတယ်။ ဒီလိုဖြတ်တောက်ထားတဲ့အတွက်လည်း အွန်လိုင်းကိုအခြေခံပြီး စီးပွားရေးလုပ်ကိုင်နေကြ သူတွေ၊ ပညာသင်ယူနေသူတွေ၊ သတင်း အချက်အလက်တွေရယူနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ထိခိုက်မှုတွေလည်း ရှိနေကြပါတယ်။ သတင်း- ၀ဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024