Home
ဆောင်းပါး
ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်း တစေ့တစောင်း
DVB
·
June 26, 2019
ကလေးသူငယ် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုဆုံးဖြတ်ပြီး သမ္မတဆီ လက်မှတ်ထိုးဖို့ ပို့ဆောင်ထားတုန်း ဒီဥပဒေမူကြမ်းကို ကန့်ကွက်ပါတယ်ဆိုတဲ့ အသံတွေ ထွက်လာတာ၊ ဆန့်ကျင်ကန့်ကွက်ပါတယ်ဆိုတဲ့ လှုပ်ရှားမှုတွေ တွေ့လာရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းနဲ့ နောက်ပိုင်းမှာ ကလေးတွေအပေါ် အကြမ်းဖက်မှုတွေ၊ အမြတ်ထုတ် ခေါင်းပုံဖြတ်မှုတွေ၊ လျစ်လျူရှုမှုတွေ ကမ္ဘာနဲ့တဝှမ်း များပြားလာခဲ့တဲ့အတွက် ကလေးတွေကို ကာကွယ်ပေးဖို့ လိုအပ်တယ်ဆိုတာ နိုင်ငံအသီးသီးက လက်ခံလာခဲ့ကြပါတယ်။ နိုင်ငံအစိုးရ အသီးသီးကို ကလေးတွေနဲ့ပတ်သက်လို့ အထူးလုပ်ဆောင်ဖို့ ၁၉၇၉ ခုနှစ်ကို ကမ္ဘာ့ကလေးများနှစ်အဖြစ် သတ်မှတ်ပြီး “တစ်ကိုးခွန်ကိုး ဘက်စုံတိုး ဖွံ့ဖြိုးမာန်သစ် ကလေးများနှစ်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ တပ်လှန့်ခဲ့ပါတယ်။ ဒီလိုကြိုးပမ်းမှုတွေကြောင့် ၁၉၈၉ ခုနှစ်မှာ နိုင်ငံတကာ ကလေးသူငယ်များ အခွင့်အရေးစာချုပ် (Convention on the Rights of Child) ကို ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ကလေးသူငယ် အခွင့်အရေးကို ကမ္ဘာ့နိုင်ငံတွေက ဘယ်လောက် အလေးထားလာသလဲဆိုရင် နိုင်ငံတကာ လူ့အခွင့်အရေး ပင်မစာချုပ်ပေါင်း ၉ ခုထဲမှာ ဒီ ကလေးအခွင့်အရေးစာချုပ်ကို လေးစားလိုက်နာပါ့မယ်လို့ ကတိပြုထားတဲ့ စာချုပ်အဖွဲ့ဝင်နိုင်ငံ အများဆုံးဆိုတဲ့ အချက်က သက်သေပြနေပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံကတော့ ဒီစာချုပ်ကို ၁၉၉၁ ခုနှစ်မှာ အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။ နိုင်ငံတကာမှာ ကလေးသူငယ် အခွင့်အရေးစာချုပ် ရှိသလို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင် နိုင်ငံတိုင်းမှာ နိုင်ငံတော် ကလေးသူငယ်အခွင့်အရေး စာချုပ်တွေကို ပြဋ္ဌာန်းပြီး ကာကွယ် အကောင်အထည် ဖော်ပေးရပါတယ်။ ဒီ နိုင်ငံတော်အဆင့် ဥပဒေတွေဟာလည်း နိုင်ငံတကာ စံချိန်တွေနဲ့ ကိုက်ညီရပါတယ်။ မြန်မာနိုင်ငံမှာတော့ စီအာစီကို လက်မှတ်ရေးထိုးပြီး ၁၉၉၃ ခုနှစ်မှာ မြန်မာနိုင်ငံ ကလေးသူငယ်ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ စစ်အစိုးရလက်အောက် သူ့ခေတ်သူ့အခါ သူ့အခြေအနေနဲ့ ရေးဆွဲခဲ့တာ ဖြစ်တဲ့အတွက် ဒီဥပဒေထဲမှာ အခွင့်အရေးအားလုံးကို ပြည့်စုံအောင် မထည့်ထားခဲ့ပါဘူး။ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခအတွင်းမှာရှိတဲ့ ကလေးတွေအပေါ် ချိုးဖောက်မှုတွေကို ချန်လှပ်ထားခဲ့တာကို သတိထားမိပါတယ်။ ကလေးနဲ့ပတ်သက်တဲ့ အသက်သတ်မှတ်ချက်တွေမှာလည်း နိုင်ငံတကာစံချိန်တွေထက် လျော့နည်းနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးကော်မတီက ဒီဥပဒေကို ပြန်လည်သုံးသပ်ဖို့ အကြိမ်ကြိမ် အကြံပြုခဲ့ပါတယ်။ မကြာမီက ပြည်ထောင်စုလွှတ်တော်မှာ သဘောတူခဲ့တဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေဆိုတာ မနေ့တနေ့ကမှ ကောက်ခါငင်ကာ ပေါ်လာတဲ့ဥပဒေ မဟုတ်ပါဘူး။ အရင်ဥပဒေကို ပြန်လည်သုံးသပ်မှုတွေ အကြိမ်ကြိမ်လုပ်ပြီးမှ တိုင်ပင်ဆွေးနွေးမှုတွေ အသီးသီးလုပ်ပြီးမှ မူကြမ်းထွက်လာပြီး လွှတ်တော်ကို တင်ခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ရေးဆွဲတဲ့ လူကယ်ပြန်ဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ ဝန်ကြီးဌာန အသီးသီး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ လွန်ခဲ့တဲ့ငါးနှစ်လောက် (ခန့်မှန်း) ကတည်းက ဆွေးနွေးပြီး အကြိမ်ကြိမ်တိုင်ပင် ပြင်ဆင်မှုတွေ လုပ်ဆောင်ပါတယ်။ ကလေးများအခွင့်အရေးတွေဖြစ်တဲ့ ရှင်သန်ခွင့်၊ ကာကွယ်မှု ခံယူပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နဲ့ ပါဝင်ခွင့် အားလုံးပါဝင်အောင် ကြိုးစားရေးဆွဲခဲ့ပါတယ်။ ဒါကြောင့် ပထမဦးဆုံး ပြောချင်တာကတော့ ကလေးသူငယ်ဥပဒေဆိုတာ ဘက်ပေါင်းစုံမှာ ပါဝင်တဲ့ ကလေးအခွင့်အရေးတွေကို ကလေးတွေရဲ့ အကောင်းဆုံးအကျိုးကို ရှေ့ရှုပြီး လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းထားတဲ့ ဥပဒေသစ်တခု ဖြစ်ပါတယ်။ မိမိလိုချင်တဲ့အပိုဒ် တပိုဒ်တည်းကို ဆွဲထုတ်ပြီး ပြောနေသလို မွေးစာရင်းရရှိခွင့်၊ ကလေးမွေးစားခွင့် သက်သက်ကိုသာ ရေးသားထားတဲ့ ဥပဒေ မဟုတ်ပါဘူး။ အခုပြောနေတဲ့ မွေးစာရင်းရရှိခွင့်နဲ့ ကလေးသူငယ်များအား မွေးစားခွင့်ဆိုတဲ့ အချက်တွေဟာ ၁၉၉၃ ခုနှစ် (တည်ဆဲဥပဒေ) မှာလည်း အတိအလင်း ပါဝင်ပြီးသားဖြစ်ပါတယ်။ ပထမဦးဆုံး မွေးစာရင်းရပိုင်ခွင့် (Birth Certificate or Birth Registration) အကြောင်း စဆွေးနွေးပါ့မယ်။ ဒီအကြောင်းကို တည်ဆဲဥပဒေမှာရော၊ ဥပဒေမူကြမ်းမှာရော ဖော်ပြထားတာ တွေ့ရပါတယ်။ ၁၉၉၃ ဥပဒေရဲ့ အခန်း (၅) ကလေးသူငယ်ရဲ့ အခွင့်အရေးများ၊ အပိုဒ် (၉-ခ) မှာ “မိဘ၊ အုပ်ထိန်းသူတို့သည် ကလေးမွေးဖွားခြင်းကို ဥပဒေနှင့်အညီ မှတ်ပုံတင်ရမည်။” အပိုဒ် (၁၀) မှာ “ကလေးသူငယ်တိုင်းသည် နိုင်ငံသားဖြစ်မှုဆိုင်ရာ အခွင့်အရေးကို တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရရှိစေရမည်” လို့ ဖော်ပြထားပြီးဖြစ်ပါတယ်။ ဥပဒေမူကြမ်းသစ်ရဲ့ အခန်း (၂၁-က) မှာတော့ “နိုင်ငံတော်အတွင်း မွေးဖွားသည့် ကလေးသူငယ်တိုင်းသည် ခွဲခြားဆက်ဆံခြင်း မရှိဘဲ မွေးဖွားခြင်းကို အခမဲ့ မှတ်ပုံတင်ခွင့်ရှိသည်" လို့ ဖော်ပြထားပါတယ်။ တည်ဆဲဥပဒေနဲ့ ဥပဒေမူကြမ်းသစ်ထဲမှာ ကလေးတွေကို မွေးစာရင်း အခမဲ့ရရှိအောင်လုပ်ဖို့ လိုအပ်တယ်၊ ဒါဟာ အရေးကြီးအချက်ဖြစ်တယ်လို့ လက်ခံထားပါ။ မွေးစာရင်းဆိုတာ နိုင်ငံသားဖြစ်ခွင့် မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်။ မွေးစာရင်းဆိုတာ ဘယ်လိုအခြေအနေကြောင့်ပဲ မွေးမွေး၊ ဘယ်နေရာမှာပဲ မွေးမွေး၊ လူသားတဦးကို လူသားတဦးအနေနဲ့ အသိအမှတ်ပြုတာ ဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲ မွေးမွေး မှတ်တမ်းရှိသော ဂုဏ်သိက္ခာရှိသော လူသားအဖြစ် ကြိုဆို အသိအမှတ်ပြုခြင်းပါ။ မွေးစာရင်းမှာ မိဘအမည်၊ မွေးဖွားသည့်နေရာ၊ နေ့ရက် အချိန်၊ ကလေးရဲ့ လက်ဗွေ ခြေဗွေတွေ ကောက်ယူလေ့ရှိပါတယ်။ သက်ဆိုင်ရာ ဆေးရုံ၊ တာဝန်ရှိသူ၊ အုပ်ချုပ်ရေးဌာနက ထုတ်ပြန်ပေးပါတယ်။ ဒီမွေးစာရင်းရတာနဲ့ မွေးဖွားရာနိုင်ငံရဲ့ နိုင်ငံသားအဖြစ်ကို အလိုအလျောက် ရရှိသွားတာ မဟုတ်ပါဘူးလို့ သဘောပေါက်စေလိုပါတယ်။ မွေးစာရင်းပေးတယ်ဆိုတာ ကလေးရဲ့အကျိုးကို ကြည့်တာပါ။ မွေးစာရင်း မှတ်ပုံတင်ထားတဲ့ ကလေးတယောက် ဖြစ်တဲ့အတွက် သူ့ရဲ့ မွေးဖွားတဲ့ရက်၊ အသက်အတိအကျကို မှတ်တမ်းတင်ထားပြီးသား ဖြစ်ပါတယ်။ စာရင်းမရှိ အင်းမရှိ မွေးလာတဲ့ ကလေးတယောက် မဟုတ်တော့ဘဲ မွေးစာရင်း အထောက်အထား ခိုင်ခိုင်လုံလုံလုံနဲ့ မွေးလာတဲ့ လူသားတယောက် ဖြစ်ပါပြီ။ ကလေးတယောက် ရသင့်ရထိုက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ အခြေခံပညာ သင်ကြားခွင့်တွေကို ရရှိနိုင်တဲ့အပြင် မလိုလားအပ်တဲ့ ကလေးအပေါ် စော်ကား အမြတ်ထုတ်မှုတွေ ရှိလာခဲ့ရင် ဒီကလေးကို တည်ဆဲဥပဒေတွေအရ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာ- အသက်မပြည့်သေးတဲ့ ကလေးတယောက်ကို သက်ငယ်မုဒိမ်း ကျူးလွန်တာတွေ၊ စစ်သားအဖြစ် စေခိုင်းခံရတာတွေ၊ လူကုန်ကူးခံရတာတွေ ကျူးလွန်ခံရလို့ ဥပဒေအရ အရေးယူ တိုင်ကြားမယ်ဆိုရင် ကလေးရဲ့အသက် အထောက်အထားက အထူးအရေးကြီးလှပါတယ်။ လူကုန်ကူးမှု ဥပဒေမှာပဲဖြစ်ဖြစ်၊ သက်ငယ်မုဒိမ်းမှုမှာပဲ ဖြစ်ဖြစ် အသက်မပြည့်တဲ့ ကလေးအပေါ် ကျူးလွန်တာဟာ ပိုပြီး အပြစ်ကြီးမားတယ်ဆိုတာကို သိကြမှာပါ။ အသက်မပြည့်သေးတဲ့ ကလေးတွေ အမှုအခင်းဖြစ်ရင်လည်း သက်ငယ်ဥပဒေတွေနဲ့ ကာကွယ်ပေးတာတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ မွေးစာရင်းနဲ့ နိုင်ငံသားဖြစ်မှုကို ခွဲခြားကျင့်သုံးတဲ့ နိုင်ငံတခုကို နမူနာပြပါဆိုရင် အိမ်နီးချင်း ထိုင်းနိုင်ငံကို ပြချင်ပါတယ်။ ထိုင်းနိုင်ငံကလည်း စီအာစီစာချုပ်ကို လက်မှတ်ထိုးထားတဲ့နိုင်ငံ ဖြစ်ပါတယ်။ သူ့တိုင်းပြည်မှာ မွေးဖွားတဲ့ ကလေးတိုင်းကို မွေးစာရင်းရရှိစေဖို့ လုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံသားဖြစ်ခွင့်ကတော့ သူတို့တိုင်းပြည်ရဲ့ နိုင်ငံသားဖြစ်မှု ဥပဒေအတိုင်း ကျင့်သုံးပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ ကလေးတိုင်းဟာ နိုင်ငံသားမိဘက မွေးတာဖြစ်ဖြစ် နိုင်ငံသားဟုတ်ဟုတ် မဟုတ်ဟုတ် မွေးစာရင်းကို တရားဝင်ရပိုင်ခွင့် ရှိပါတယ်။ ဒါကြောင့် မြန်မာပြည်ကနေ သွားရောက်ခိုလှုံနေရတဲ့ ဒုက္ခသည် ကလေးတွေလည်း မွေးစာရင်းရရှိခွင့် ရကြပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေလည်း မွေးစာရင်းရရှိခွင့် ရှိပါတယ်။ ဒီလိုရရှိခွင့် အကျိုးကြောင့် ကလေးတွေဟာ ကာကွယ်ဆေးထိုးခွင့်၊ အခြေခံကျန်းမာရေး စောင့်ရှောက်ခွင့်၊ အခြေခံပညာကို သင်ကြားခွင့်တွေ ရရှိလာတာဖြစ်တယ်။ ကလေးတွေကို ကာကွယ်စောင့်ရှောက် ပျိုးထောင်ပေးရမယ်ဆိုတာ နိုင်ငံခြားအယူအဆ မဟုတ်ပါဘူး။ ကျနော်တို့ မြန်မာ့ယဉ်ကျေးမှုတရပ်လည်း ဖြစ်ပါတယ်။ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားဆိုတဲ့ စကားပုံမှာ ကလေးတွေကို စာနာထောက်ထားဖို့၊ ကူညီပေးဖို့ ထောက်ပြထားပါတယ်။ လူသားတယောက်အနေနဲ့ မွေးဖွားလာတဲ့ ကလေးတယောက်ကို လူသားတယောက်အဖြစ် မွေးစာရင်းထုတ်ပေးဖို့ ကိစ္စဟာ ကလေးရဲ့ အကောင်းဆုံးအကျိုးကို မျှော်တွေးပြီး ကာကွယ်မှုတွေပေးနိုင်အောင် လုပ်ဆောင်တာဖြစ်တဲ့အကြောင်း တင်ပြလိုပါတယ်။ အောင်မျိုးမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024