Home
မြန်မာသတင်း
တိုက်ပွဲဖြစ်သဖြင့် ပုဏ္ဏားကျွန်း ဆင်သီကျေးရွာသားများ ရွာလုံးကျွတ်ထွက်ပြေး
DVB
·
June 26, 2019
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သီကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် လူပေါင်း ၂၈၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးလာနေကြတယ်လို့ ဒုက္ခသည်အရေးကူညီဆောင်ရွက်ပေးနေတဲ့ သဘာဝနဒီ ဆရာတော်က ဒီဗွီဘီကို မိန့်ပါတယ်။ ဇွန်လ ၂၅ ရက် မနက်ပိုင်း ၁၀ နာရီလောက်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီကျေးရွာရဲ့အထက်ဘက် ၁ မိုင်ခန့်အကွာမှာ တိုက်ပွဲဖြစ်ပွားခဲ့လို့  ကျေးရွာသားတွေက ရွာလုံးကျွတ် ထွက်ပြေးလာတာပါ။ သဘာဝနဒီဆရာတော်က “အဲ့ဒီရွာနားမှာတိုက်ပွဲဖြစ်လို့ ကြောက်လန့်ပြီး တရွာလုံးထွက်ပြေး လာကြတယ်။ အဲ့ဒီရွာက အိမ်ခြေ၊ အိမ်ထောင်စု ၅၀၀ ကျော်လောက်ရှိတယ်။ တရွာလုံးပဲ ထွက်ပြေးလာကြတာ။ တချို့ရွာသားတွေက တောဖျားချောင်းအထက်ကို ပြေးကြတယ်။ တချို့ကတော့ ရဟက်တောင်၊ ပြီးတော့ ပိုးရွှီးပြင်စံပြ၊ ဦးဇင်းတို့ယာယီဖွင့်ထားတဲ့ ပေါက်တောပြင် ထွက်ပြေး ကြတယ်။”လို့ မိန့်ပါတယ်။ ဒါ့အပြင် ဆင်သီကျေးရွာမှာ ကျန်ရှိခဲ့တဲ့ ကျေးရွာသားတွေကို စက်လှေတွေနဲ့ လာရောက် ခေါ်ယူဖို့ ကယ်ဆယ်ရေးစခန်းတွေက ဆရာတော်တွေကို အကူအညီ တောင်းခံတာကြောင့် စက်လှေတွေနဲ့ သွားရောက်ခေါ်ဆောင်နေတယ်လို့ ဆရာတော်က မိန့်ပါတယ်။ လက်ရှိတိုက်ပွဲကြောင့် ယာယီကယ်ဆယ်ရေးစခန်းအဖြစ်ဖွင့်လှစ်ထားတဲ့ ပုဏ္ဏားကျွန်း မြို့နယ် ပေါက်တောပြင် ယာယီကယ်ဆယ်ရေး စခန်းကို ဆင်သီကျေးရွာက အိမ်ထောင်စု ၂၄ စု လူဦးရေ ၅၆ ယောက် ရောက်ရှိလာပြီး တခြားကျေးရွာသားတွေကတော့ ရဟက်တောင်၊ သြရမ၊ ပိုးရွှိးပြင်ကျေးရွာကို ထွက်ပြေးသွားကြတယ်လို့ သဘာဝနဒီဆရာတော်ကမိန့်ပါတယ်။ ဆင်သီကျေးရွာရဲ့ တမိုင်ခန့်အကွာမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားနေ ပြီး အဲ့ဒီကျေးရွာက လက်နက်ကြီးလက်နက်ငယ်တွေ အဆက်မပြတ်ကြားနေရတာကြောင့် ကြောက်လန့်ပြီး ရွာလုံးကျွတ်ထွက်ပြေးလာကြတာဖြစ်တယ်လို့ ဆင်သီကျေးရွာ ထွက်ပြေး လာသူတွေက ပြောပါတယ်။ ထွက်ပြေးလာတဲ့ ဆင်သီကျေးရွာသာတဦးဖြစ်တဲ့ဦးမောင်မြသိန်းက“ရွာနဲ့ သိပ်မဝေးဘဲ ခပ်လှမ်းလှမ်းမှာ တိုက်ပွဲဖြစ်နေကြတာ၊ ကျနော်တို့က ဘယ်နေရတော့မလဲ၊ လက်နက်ကြီး၊ လက်နက်ငယ်သံတွေကလည်း ဆက်တိုက်ကြားနေရတယ်။ ပြီးခဲ့ ၁ လကလည်း စစ်တပ်ကနေ ရွာကို လာစစ်တာတွေရှိတယ်။ အခုလည်း အဲ့လိုဖြစ်မှာကို ကြောက်တယ်။ အဲ့ဒါကြောင့် အကုန်ထွက်ပြေး လာကြတာပါ”လို့ပြောပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ရဲ့ ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေဟာ ၆ လကျော်အထိကြာမြင့်လာပြီဖြစ်ပါတယ်။ အခုဆိုရင် အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၅၀၀၀၀ လောက်ဟာလည်း စစ်ဘေးတိမ်းရှောင်နေကြရပြီး အကူအညီတွေ လိုအပ်နေတာပါ။ သတင်း-ဝဏ္ဏခွာညို-ဓာတ်ပုံ- သဘာဝနဒီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024