တရားစွဲဆိုခံထားရသည့် သတင်းသမားအချို့ကို စာနယ်ဇင်းကောင်စီ ခေါ်ယူတွေ့ဆုံ
DVB
·
November 22, 2012
တရားစွဲဆိုခံထားရတဲ့ သတင်းသမားတချို့ကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ကနေ ခေါ်ယူတွေ့ဆုံပြီး ဆွေးနွေးခဲ့ပါတယ်။
တရားစွဲဆိုခံထားရတဲ့ ဒီမိုကရက်တစ်မြန်မာအသံရဲ့ မကွေးမြို့အခြေစိုက် သတင်းထောက် ကိုဇော်ဖေ၊ မော်နီတာဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်အပြင် မြန်မာယဉ်ကျေးမှုနဲ့ မသင့်တော်တဲ့အတွက် ပြန်ကြားရေးဝန်ကြီးဌာနက သတိပေးထားတဲ့ သတင်းဂျာနယ်တချို့က တာဝန်ရှိသူတွေကို သမ္မတက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီကနေ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
မကွေးတိုင်း လက်ထောက် တိုင်းပညာရေးမှူးက တရားစွဲဆိုထားမှု ပြေလည်အောင် စာနယ်ဇင်းကောင်စီ ယာယီကနေ ညှိနှိုင်းပေးဖို့ ဆွေးနွေးတာလို့ သွားရောက် တွေ့ဆုံခဲ့တဲ့ ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေက ရှင်းပြပါတယ်။
“ညှိပေးမယ်ပြောတော့ ကျနော်က တိုင်းပညာရေးမှူးရုံးနဲ့ ဖြစ်တာမဟုတ်ဘူးလို့၊ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဖိအားကြောင့် ဒါ တရားစွဲတာလို့၊ တိုင်းပညာရေးမှူးရုံး သွားညှိရင် ညှိရမှာမဟုတ်ဘူးလို့။ အဲတော့ ၀န်ကြီးချုပ်ပဲ ဖြစ်ပါစေတဲ့၊ သူတို့အဖွဲ့ကလည်း သမ္မတရုံးက ဖွဲ့ခိုင်းထားတဲ့ အဖွဲ့ဖြစ်တယ်တဲ့။ ခင်များတို့ဘက်က ပြန်တောင်းပန်ပေးနိုင်မလားတဲ့။ ကျနော်က အကြီးအကဲတွေ ရှိတယ်၊ သူတို့နဲ့ ပြန်တိုင်ပင်ဦးမယ်လို့ ပြောခဲ့တယ်။”
ကိုဇော်ဖေကို ၀တ္တရားနှောင့်ယှက်မှု၊ ပိုင်နက်ကျူးလွန်မှုတို့နဲ့ မကွေးမြို့နယ် တရားရုံးမှာ စွဲဆိုထားတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီကနေ တရားစွဲဆိုခံထားရတဲ့ သတင်းသမားတွေနဲ့ တွေ့ဆုံမှုကို ကောင်စီအတွင်းရေးမှူး ဦးကျော်မင်းဆွေက အခုလိုပြောပါတယ်။
“ကျနော်တို့က နှစ်ဖက်ကြားထဲကနေ စေ့စပ်ညှိနှိုင်းပေးတယ်၊ နှစ်ဖက်ပြောတာကို နားထောင်၊ ဟိုဘက်ကိုလည်း နည်းနည်းလျှော့၊ ဒီဘက်လည်း နည်းနည်းလျှော့။ နှစ်ဖက်ကြား ဘုံသဘောတူညီချက် ရှိနိုင်မှာမျိုး စေ့စပ်ညှိနှိုင်းပေးတာ သက်သက်ပဲ။ ဒါကြောင့် ကာယကံရှင်တွေနဲ့ ခေါ်ပြီး တွေ့ဆုံပြီး သူတို့နဲ့ စကားပြောတာပေါ့။ သူတို့ပြောတာ နားထောင်တာပေါ့။”
တရားစွဲခံထားရတဲ့ သတင်းသမားတွေကို စာနယ်ဇင်းကောင်စီ ယာယီက ပထမဦးဆုံး အကြိမ် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။ ဒီနေ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီအဖွဲ့က ဒေါက်တာမျိုးသန်းတင့်၊ ဒေါက်တာသိန်းမြင့်၊ မောင်ခင်မင် (ဓနုဖြူ)၊ ဒေါက်တာတင်လှိုင်တို့ ပါဝင်တယ်လို့ သိရပါတယ်။