အီရန်အပေါ်ချမှတ်မည့် ဒဏ်ခတ်မှုအသစ် ခါမေနီကို ပစ်မှတ်ထားဟု ထရမ့် ပြော

1.3K
အီရန်အပေါ်ချမှတ်မယ့် ဒဏ်ခတ်မှုအသစ်တွေဟာ ဘာသာရေးခေါင်းဆောင် အယာတိုလာ ခါမေနီကို ပစ်မှတ်ထားလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၂၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။
အမေရိကန် မောင်းသူမဲ့ ဒရုန်းလေယာဉ် ပစ်ချခံရတာကို လက်တုံ့ပြန်တဲ့အနေနဲ့ ဒဏ်ခတ်တာဖြစ်တယ်လို့ အစောပိုင်းမှာ သမ္မတ ထရမ့်က ပြောပေမယ့် နောက်ပိုင်းမှာတော့ ဒရုန်းပစ်ချခံရတဲ့ဖြစ်ရပ် မရှိရင်လည်း ဒဏ်ခတ်မှာပဲလို့ ထရမ့်က ပြောခဲ့ပါတယ်။
အီရန်ဘက်က အမေရိကန်ဒရုန်းဟာ အီရန်လေပိုင်နက်ထဲ ဝင်လာတယ်လို့ ပြောကြားပြီး အမေရိကန် အစိုးရက အဲဒါကို ငြင်းဆိုခဲ့ပါတယ်။
ဒီလအစောပိုင်းကလည်း အိုမန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရတဲ့အပေါ် အမေရိကန်က အီရန်ကို အပြစ်တင်ခဲ့ပြီး အီရန်ကတော့ အဲဒါကို ငြင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က အီရန် နျူကလီးယား သဘောတူညီချက်ကနေ အမေရိကန် နုတ်ထွက်ပြီးနောက်ပိုင်း အမေရိကန်အစိုးရဟာ အီရန်အပေါ် ထပ်တလဲလဲ အရေးယူ ဒဏ်ခတ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။