ရန်ကုန်-မကွေး လေယာဉ်ခရီးစဉ် ပြန်လည်ပြေးဆွဲ
ဇော်ဖေ
·
June 25, 2019
မကွေး- ရန်ကုန် အသွားအပြန်လေယာဉ်ခရီးစဉ်ကို ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့မှာ ပြန်လည် စတင်ပျံသန်းပြေးဆွဲနေပါတယ်။
မကွေး-ရန်ကုန်၊ ရန်ကုန်-မကွေး ခရီးစဉ်ကို မြန်မာ့လေကြောင်းလိုင်းက အပတ်စဉ် အင်္ဂါနဲ့ စနေနေ့တွေမှာ တပတ်နှစ်ကြိမ်ပျံသန်းပြေးဆွဲနေတာပါ။ လေယာဉ်လက်မှတ်ခ နှုန်းထားတွေ ကတော့ တဦးကို ကျပ်ငွေ ၆၀၀၀၀ သတ်မှတ်ထားပြီး ဒီကနေ့ ပထမဆုံး ခရီးစဉ်မှာ ခရီးသည် ၁၁ယောက်လိုက်ပါခဲ့ပါတယ်။
မကွေးလေဆိပ်ကို ခရီးသည်တင် လေယာဉ်တွေပြေးဆွဲပေးဖို့ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲပြီးကတည်းက ကြိုးစားလာခဲ့ပေမယ့် ကျပ်သိန်း ၆၀ နဲ့ ၈၀ကြား အရှုံးရှိတာကြောင့် မဆွဲဖြစ်ခဲ့ဘူးလို့ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။
မြန်မာ့လေကြောင်းလိုင်းဟာ နိုင်ငံပိုင်လုပ်ငန်းဖြစ်တာကြောင့် ဘတ်ဂျက်ပြည့်မီမှဘဲ ဘုတ်အဖွဲ့က ပျံသန်းဖို့ ဆုံးဖြတ်ပေးခဲ့တာလို့ပြောပါတယ်။
အရှုံးအမြတ် အများကြီးရဖို့ထက် ခရီးသွားတွေအဆင်ပြေစေဖို့နဲ့ လေကြောင်းလိုင်းလည်း အရှုံးမပေါ်အောင် အားလုံးပူးပေါင်းစေချင်တယ်လို့ လေကြောင်းညွန်ချုပ်က ပြောပါတယ်။
မြိုင်မြို့နယ်က ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်းရှင် တဦးက “အရင်က မကွေးမြို့ကို ကားနဲ့ လာပြီး ကားနဲ့ပြန်ရသလို အခုချိန်မှာ လေယာဉ်နဲ့ သွားရမှာမို့ အချိန်ကုန် oက်သာတယ်လို့ ဆိုပါတယ်။ လေယာဉ်ခရီးစဉ်ရှိတဲ့အတွက် မကွေးတိုင်းမှာ ရပ်ရွာ အခြေပြုခရီးသွားလုပ်ငန်းတွေ အရင်ကထက်အောင်မြင်လာမယ်”လို့ ပြောပါတယ်။
မကွေး- ရန်ကုန် လေယာဉ်ခရီးစဉ်ကို အရင်ကလည်းပြေးဆွဲခဲ့ဖူးပေမယ့် ၂၀၀၆ ခုနှစ်က စပြီး အရှုံးပေါ်ခဲ့တာကြောင့် ရပ်ဆိုင်းခဲ့တာဖြစ်ပြီး အခုမှ ပြန်လည်ပြေးဆွဲခဲ့တာဖြစ်ပါတယ်။