Home
မြန်မာသတင်း
အမေရိကန်တက္ကသိုလ်များ မြန်မာ့ပညာရေး မြှင့်တင်ရန် ကူညီမည်
DVB
·
November 22, 2012
မြန်မာနိုင်ငံရဲ့ ပညာရေး အဆင့်အတန်း မြင့်မားရေး ပြန်လည်တည်ဆောက် လုပ်ဆောင်ဖို့ အတွက် အမေရိကန်တက္ကသိုလ် ၉ ခုက မြန်မာတက္ကသိုလ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ ဆိုပါတယ်။ အမေရိကန် အဆင့်မြင့် တက္ကသိုလ် ၉ ခုက မြန်မာတက္ကသိုလ်တွေနဲ့ ပညာရေး အဆင့်မြင့်တင်ရေးဆိုင်ရာ မဟာဗျူဟာကျ အစီအစဉ်တွေကို လုပ်ဆောင်ဖို့ နိုင်ငံတကာ ပညာရေးဆိုင်ရာအဖွဲ့ (အိုင်အိုင်အီး) က စတင်လိုက်ပါတယ်။ မြန်မာနဲ့ ပမာဏ ခြေလှမ်းဖြစ်တဲ့ ၂၀၁၂ ခုနှစ် နိုင်ငံတကာပညာရေး လက်တွဲမှု အစီအစဉ် (IAPP) ကို နိုဝင်ဘာ ၂၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားရဲ့ သမိုင်းဝင်ခရီးစဉ်အတွင်း အဆင့်မြင့် ပညာရေး အတွက် အာမခံချက်ကို ပြောဆိုခဲ့ပြီးတဲ့ နောက်တနေ့မှာ ဒီအစီအစဉ်ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ အမေရိကန် တက္ကသိုလ်၊ အရီဇိုးနား ပြည်နယ် တက္ကသိုလ်၊ ဘောလ် ပြည်နယ်တက္ကသိုလ်၊ ဟာဝိုင်အီ ပစိဖိတ်တက္ကသိုလ်၊ မြောက်ပိုင်း အီလီနွိုက် တက္ကသိုလ်၊ မြောက်ပိုင်း အရီဇိုးနား တက္ကသိုလ်၊ ဆန်းဖို့ဒ် တက္ကသိုလ်၊ မက်ဆာချူးဆက် တက္ကသိုလ်၊ လိုဝဲလ် တက္ကသိုလ်၊ ၀ါရှင်တန် တက္ကသိုလ်တို့ ပါဝင်မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်အရ တက္ကသိုလ်တွေက ကျောင်းသားတွေ အပြန်အလှန် သွားရောက်ရေးလည်း ပါဝင်ပါတယ်။ အစပျိုးအစီအစဉ်အဖြစ် အိုင်အိုင်အီး ဥက္ကဋ္ဌ နဲ့ စီအီးအိုဖြစ်တဲ့  အလန်ဂွဒ်မန်း (Allan Goodman) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ဖေဖော်ဝါရီမှာသွားရောက်ဖို့ ရှိပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေက တက္ကသိုလ်တွေမှာ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပမှာဖြစ်ပါတယ်။ ဒီနောက် မြန်မာတက္ကသိုလ်တွေက ကိုယ်စားလှယ်တွေက အမေရိကန်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ အဓိက ဦးစားပေးလိုအပ်ချက်တွေကို ပြောပြဖို့ ဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံရဲ့ အဆင့်မြင့်ပညာရေး လိုအပ်ချက်တွေနဲ့ ပတ်သက်တဲ့ သူတို့တွေ့ရှိချက်တွေကို အစီရင်ခံစာတင်မှာဖြစ်ပါတယ်။ မကြာသေးမီက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သမ္မတ ဦးသိန်းစိန်က လူမှုရေး အဖွဲ့အစည်းရဲ့ အဓိက နေရာကနေ ပါဝင်ဖို့အတွက် ဆွေးနွေးခဲ့ပြီး အမေရိကန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးက လိုအပ်တဲ့  လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်ဖို့လည်း ဆွေးနွေးခဲ့ပါတယ်။ ဒီနှစ်မှာတော့ မြန်မာအစိုးရက ပညာရေးအသုံးစရိတ်ကို အမေရိကန် ဒေါ်လာ ၃၄၀ သန်းကနေ ၇၄၀ သန်းအထိ တိုးမြှင့်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ အမေရိကန် ပညာရေးနဲ့ ယဉ်ကျေးမှု ဗျူရိုအဆိုအရ ၂၀၁၀-၁၁ ပညာသင်နှစ်မှာ  မြန်မာကျောင်းသား ၇၉၆ ဦး အမေရိကန်မှာ ပညာ သင်ကြားခဲ့ပြီး အဲဒီအရင်နှစ်ကထက် ၁၄.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ရာစုနှစ် တ၀က်နီးပါး စစ်အာဏာရှင်တွေ အုပ်စိုးခဲ့ပြီးတဲ့နောက်မှာတော့ တချိန်က အာရှမှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တဲ့ မြန်မာ့ပညာရေး အဆင့်အတန်းဟာ ကျဆင်းခဲ့ပါတယ်။ ၂၀၀၉ ကစတင်ခဲ့တဲ့  အိုင်အိုင်အီးရဲ့ နိုင်ငံတကာ လက်တွဲဆောင်ရွက်ရေး ဌာနက အစီအစဉ်ဟာ အမေရိကန် တက္ကသိုလ် ကောလိပ် ၅၀ နဲ့ လုပ်ဆောင်နေတာ ဖြစ်သလို ဘရာဇီး၊ တရုတ်၊ အိန္ဒိယနိုင်ငံက တက္ကသိုလ်တွေနဲ့လည်း ဆောင်ရွက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024