ကင်မရွန်းကို ဂိုးပြတ်နိုင်ပြီး အင်္ဂလန်အမျိုးသမီးအသင်း ကမ္ဘာ့ဖလား ကွာတားတက် (ရုပ်သံ)

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်အဖြစ် အင်္ဂလန်နဲ့ ကင်မရွန်းတို့ မနေ့က ယှဉ်ပြိုင်ရာ အင်္ဂလန်အသင်းက ၃ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလား အုပ်စု ဒီ မှာ အာဂျင်တီးနား၊ ဂျပန်၊ စကော့တလန်တို့နဲ့ အတူ ကျရောက်ခဲ့ပြီး အုပ်စုတွင်း သုံးပွဲစလုံးနိုင်ကာ ပထမနေရာကနေ ရှုံးထွက်အဆင့် တက်ရောက်လာတာပါ။ ကင်မရွန်းအသင်းကတော့ အုပ်စု အီးမှာ နယ်သာလန်၊ ကနေဒါ၊ နယူးဇီလန်တို့နဲ့ တအုပ်စုတည်း ကျရောက်ခဲ့ပြီး ရမှတ် ၃ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်ခဲ့ပေမယ့်လည်း အကောင်းဆုံး အုပ်စု တတိယထဲပါပြီး ဒီအဆင့်ကို တက်ရောက်လာတာ ဖြစ်ပါတယ်။ ဒီပွဲမှာ အင်္ဂလန်အမျိုးသမီးအသင်းက ကင်မရွန်းကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၈ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့သလို ထိုးဖောက်ကန်သွင်းရာမှာလည်း အသာရခဲ့ပါတယ်။ အင်္ဂလန်အသင်းအတွက် ပွဲချိန် ၁၄ မိနစ်မှာ ပထမဂိုး၊ ပထမပိုင်းပြီးခါနီးမှာ ဒုတိယဂိုးနဲ့ ၅၈ မိနစ်မှာ တတိယဂိုး အသီးသီး သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ အင်္ဂလန်အသင်းရဲ့ ဒုတိယဂိုးကို VAR စနစ်နဲ့ ခွင့်ပြုခဲ့တာဖြစ်သလို ကင်မရွန်းဘက်က သွင်းယူခဲ့တဲ့ ချေပဂိုးတဂိုးကိုလည်း VAR စနစ်နဲ့ ပယ်ဖျက်ခဲ့တာကြောင့် အငြင်းပွားဖွယ် ဖြစ်ခဲ့ပါတယ်။ မနေ့ကပဲ ယှဉ်ပြိုင်တဲ့ ရှုံးထွက်ပွဲစဉ်တပွဲဖြစ်တဲ့ အိမ်ရှင် ပြင်သစ်နဲ့ ဘရာဇီးတို့ ပွဲစဉ်မှာတော့ ပြင်သစ်က အချိန်ပိုသွင်းဂိုး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။ လက်ရှိမှာတော့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်တဲ့ အသင်းလေးသင်း ထွက်ပေါ်ခဲ့ပြီး ဂျာမနီ၊ နော်ဝေ၊ အင်္ဂလန်နဲ့ ပြင်သစ်အသင်းတို့ ဖြစ်ကြပါတယ်။ အင်္ဂလန်အသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ နော်ဝေနဲ့ တွေ့ဆုံနေပြီး လာမယ့် ဇွန် ၂၇ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up