Home
မြန်မာသတင်း
နိုင်ငံတ၀န်းက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများအပေါ် ဆွေးနွေးမည်
အေးနိုင်
·
November 22, 2012
နိုင်ငံတ၀န်း နယ်ပယ်အသီးသီးက သဘာဝပတ်ဝန်းကျင်ရေးရာ ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ ကဏ္ဍအလိုက် ပညာရှင်တွေဟာ မန္တလေးတိုင်း မိတ္ထီလာခရိုင်ထဲက ပုပ္ပါးမှာ တွေ့ဆုံပြီး သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြဖို့ ရှိပါတယ်။ နိုဝင်ဘာ ၂၄ ရက်ကနေ ၂၆ ရက်ထိ ပုပ္ပါးက ရွှေမန်ကျည်းဘုန်းတော်ကြီးကျောင်းမှာ ကျင်းပမယ့် ဆွေးနွေးပွဲကို မြန်မာအစိမ်းရောင်ကွန်ရက်က ဦးစီးကျင်းပတာဖြစ်ပါတယ်။ ဒေသအလိုက် တက်ရောက်လာတဲ့ အစိမ်းရောင်အဖွဲ့တွေက ကိုယ်ဒေသရဲ့ အခက်အခဲတွေကို တင်ပြဆွေးနွေးနိုင်ဖို့ ဖြစ်ပြီး အခက်အခဲပမာဏအလိုက် ကွန်ရက်အဖွဲ့ဝင် ပညာရှင်တွေက ကူညီဖြေရှင်းပေးဖို့ ဖြစ်ပါတယ်လို့ ကွန်ရက်ပြောခွင့်ရသူ ဒေါ်ဒေ၀ီသန့်စင်က ပြောပါတယ်။ “ဒေသအလိုက်ဖွဲ့ထားတဲ့ အစိမ်းရောင်အဖွဲ့လေးတွေ သူတို့ဒေသမှာ ပြဿနာလေးတွေရှိရင် အချက်အလက်နဲ့ သူတို့က ဆက်သွယ်ဖို့ လိုအပ်ရင် ကျမတို့က ပညာရှင်တွေနဲ့ ကူညီမှာပါ။ ဥပမာ- ငါးကိစ္စဆို ငါးပညာရှင်ပါတယ်။ ရေကိစ္စဆိုရင် ရေပညာရှင်ပါတယ်။ အဲဒါမျိုးလေးတွေနဲ့ ကျမတို့က recommend ယူပြီးတော့ လိုအပ်တဲ့ဌာနတွေ၊ လိုအပ်ရင် ကေ့စ် က ကြီးရင်ကြီးသလိုပေါ့၊ ကေ့စ်က ငယ်ရင် ငယ်သလိုပေါ့။ ကျမတို့က ကြားကနေ ဆောင်ရွက်ပေးတာပါ” လို့ ပြောပါတယ်။ ဒီဆွေးနွေးပွဲမှာ သယံဇာတနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်အောက်မှာ ပညာရှင် ၃ ယောက်က ဘိလပ်မြေ၊ ကြေးနီ၊ ကျောက်မီးသွေး စတာတွေ ဆွေးနွေးဖို့ စီစဉ်ထားပြီး မေးခွန်းတွေကို ဖြေဆိုဖို့ ရှိပါတယ်။ Biodiversity (ဇီဝမျိုးစုံမျိုးကွဲ) ခေါင်းစဉ်အောက်မှာ လန်ပိကျွန်းအကြောင်း၊ မြစ်ဆုံရေကာတာ အကြောင်း၊ မြစ်ကြောင်းထိန်းသိမ်းရေးနဲ့ တမံအကြောင်းတွေအပြင် စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေး၊ organic farmingနဲ့ မြေဆီလွှာအသုံးချရေး စတာတွေကိုလည်း ရှင်းလင်းဆွေးနွေးမှာဖြစ်ပါတယ်။ ပညာရှင်တွေအဖြစ် organic farming အတွက် ဒေါက်တာ သန်းသန်းစိန်၊ မြေဆီလွှာ အတွက် ဒေါက်တာမင်းသိန်း၊ ဘိလပ်မြေနဲ့ ပတ်သက်တာကို ဒေါက်တာခင်မောင်ညို၊ ကြေးနီအတွက် အင်ဂျင်နီယာ ဦးအောင်ကျော်ဆန်းနဲ့ ဆရာ ဦးစောမိုးမြင့်တို့ ဟောပြောမှာ ဖြစ်ပါတယ်။ မြန်မာအစိမ်းရောင်ကွန်ရက်ဟာ လက်ရှိ စီမံကိန်းရပ်ဖို့ ဆန္ဒပြနေကြတဲ့ မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ မြေထု၊ ရေထုကို ကွင်းဆင်းစမ်းသပ်ပြီး ဒီစီမံကိန်းကို ပြန်သုံးသပ်ဖို့ သမ္မတကို အကြံပြုခဲ့ပါတယ်။ မြန်မာအစိမ်းရောင်ကွန်ရက်ကို ၂၀၁၁ ခုနှစ်မှာ သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) အဖွဲ့က ဦးအုန်း၊ မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်တို့ အပါအ၀င် ပညာရေးနဲ့ ကျန်းမာရေး ပညာရှင်တွေနဲ့ စုပေါင်းဖွဲ့စည်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024