ကမ္ဘောဒီးယားတွင် ဆောက်လက်စ အဆောက်အဦပြိုကျ၊ ၁၈ ဦးသေဆုံး

1.7K
ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်ပင်ရဲ့ အနောက်ဘက် ကမ်းရိုးတန်းက သီဟာနုဗေလီမှာ ၇ ထပ် ဆောက်လက်စ အဆောက်အဦတလုံး ပြိုကျခဲ့လို့ သေဆုံးသူ ၁၈ ယောက် ရှိသွားပြီဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဇွန် ၂၃ ရက်က ဆက်လုပ်နေပါတယ်။
ဇွန် ၂၂ ရက်က အဆောက်အဦ ပြိုကျလို့ သေဆုံးသူဦးရေ ၁၈ ယောက်နဲ့ ၂၄ ယောက် ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။
ပြိုကျတဲ့နေရာမှာ အပျက်အစီး ၄၀ ရာခိုင်နှုန်းကို ရှင်းပြီးပြီလို့ ခရိုင်အရာရှိတွေက ဇွန် ၂၃ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ နောက်ထပ် လူဘယ်နှယောက် ပျောက်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ပရီယာသီဟာနုခရိုင်ရဲ့ မြိုတော် သီဟာနုဗေလီမှာ လတ်တလော နှစ်တွေအတွင်း အထူးသဖြင့် လောင်းကစားရုံတွေ၊ အိမ်ရာလုပ်ငန်းတွေနဲ့ ခရီးသွားလုပ်ငန်း နယ်ပယ်တွေမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဒလဟော ဝင်ခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ အကြီးဆုံးဆိပ်ကမ်းနဲ့ တရုတ်အထူး စီးပွားရေးဇုန်တို့ဟာ တရုတ်အစိုးရရဲ့ ပိုးလမ်း ၂ သွယ် စီမံကိန်းနဲ့ ချိတ်ဆက်ထားပါတယ်။
ဒါကြောင့် ဒီမြို့မှာ တရုတ်ခရီးသည်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ အုပ်လိုက်တိုးနေလို့ ဆောက်လုပ်ရေး လုပ်ငန်းကလည်း ထွန်းကားနေတာပါ။
တိုက်ပြိုကျမှုနဲ့ ပတ်သက်ပြီး စစ်မေးဖို့ ဆောက်လုပ်ရေးလုပ်ငန်း ကြီးကြပ်သူ ၃ ယောက် အပါအဝင် လူ ၄ ယောက်ကို ရဲက ဖမ်းထားတယ်လို့ ခရိုင်ရုံးက ကြေညာချက် ထုတ်ပြန်ထား ပါတယ်။