Live
Home
မြန်မာသတင်း
အေအေက တပ်မတော်ရေယာဉ်တစီးအား လက်နက်ကြီးများဖြင့် ပစ်ခတ်၊ ၂ ဦး ကျဆုံး
DVB
·
June 23, 2019
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အရှေ့ဘက် ဆတ်ရိုးကျချောင်းဝအနီးမှာ ရပ်နားထားတဲ့ တပ်မတော်ရေယာဉ်တစီးကို ဇွန်လ ၂၂ ရက်နေ့က ရက္ခိုင့်တပ်တော်အေအေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တပ်မတော်သားတချို့ သေဆုံးဒဏ်ရာရရှိခဲ့ပါတယ်။ ရက္ခိုင့်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူခိုင်သုခက “ဒီရက်ပိုင်းတွေမှာ ဗမာစစ်တပ်ဘက်က ထိုးစစ်က တော်တော်လေး ခပ်စိတ်စိတ်လုပ်လာတာတွေရှိတယ်။ ထိုးစစ်ကာလတွေမှာ ရေတပ်သဘောင်္တွေဟာ စစ်သားတွေ ပို့ဆောင်တာတွေ၊ ပြီးတောရိက္ခာ၊ လက်နက်ပစ္စည်းတွေ ပို့ဆောင်တာတွေ တွေ့ရတယ်။ အဲ့ဒါကြောင့်မို့ စစ်ရဲသဘောသဘာဝအရ တုံ့ပြန်တိုက်ခိုက်မှုတွေကို ပြုလုပ်တာဖြစ်တယ်။ ဒီတိုက်ခိုက်မှုကို ကျနော်တို့ဘက်က လုပ်ဆောင်လိုက်တာဖြစ်တယ်။ တခြားအသေးစိက်တော့ ပြောလို့မရဘူး။” မြန်မာတပ်မတော်အနေနဲ့ ရက္ခိုင့်တပ်တော်အေအေကို ထိုးစစ်ဆင်းတဲ့နေရာမှာ ကြည်း လေ၊ ရေ၊ အားလုံးကို သုံးပြီး တိုက်ခိုက်နေတာကြောင့် စစ်ရေးသဘောသဘာဝအရ အဓိကကထောက်ပံ့နေတဲ့ ဒေသရဲ့အစိက်အပိုင်းတခုကို တိုက်ခိုက်ရတာလို့ ဆိုပါတယ်။ တပ်မတော်ဘက်ကတော့ ပြည်သူတွေရဲ့ ရေယာဉ်တွေ စက်ချို့ယွင်းတာနဲ့ ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီနိုင်ဖို့ ထားရှိတဲ့ တပ်မတော်(ရေ)မှ ပင်လယ်သွား တွဲဆွဲရေယာဉ်တစီး ဇွန် ၂၂ ရက်နေ့မနက် ၃ နာရီ ၄၅ မိနစ်လောက်က အေအေ အဖွဲ့က စစ်ရေယာဉ်ရဲ့ အနောက်ဘက်ကမ်းစပ်ရှိ လှိုင်းကာသဲအိတ်များ အကာအကွယ်ယူပြီး ရှော့တိုက်ဒုံး ၃ လုံး လာရောက်ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပစ်ခတ်မှုကြောင့် စစ်ရေယာဉ်ရဲ့ ပဲ့စင်ပိုင်းထိခိုက်ပျက်စီးခဲ့ကာ စစ်သည် ၂ ဦးကျဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “သေဆုံးဒဏ်ရာရတာကိုတော့သတင်းထဲမှာ ထုတ်ပြန်ထားပါတယ်။ အရေအတွက် ဘယ်လောက်လဲဆိုတာကို ကျနော်လည်း ဂဃနဏ မသိဘူး။ ဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်းမှာတာ့ ကျနော်တို့ နယ်မြေရှင်းလင်းတာတွေကို လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။ တပ်မတော်ရေယာဉ်ပစ်ခတ်ခံရတဲ့ နေရာအနီး ကျေးရွာမှာလည်း နေအိမ်တလုံး ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့ပေမယ့် လူ၊ တိရစ္ဆာန်တွေကတော့ ထိခိုက်ဒဏ်ရာ မရှိဘူးလို့ ကျေးရွာသားတွေက ပြောပါတယ်။ ကျေးတောကျေးရွာသားတဦးက “လက်နက်ကြီးသံကြားတယ်။ အဲ့ဒီမှာ အိမ်ခေါင်းမိုးကို လက်နက်တွေထိတယ်။ ဘယ်က လှမ်းပစ်တယ်ဆိုတာကတော့ ကျနော်တို့မသိဘူး။ မနက် ၃ နာရီခွဲလောက်မှာကျတာ၊ လူတွေထိခိုက်ဒဏ်ရာရတာတော့မရှိဘူး။ ခေါင်းမိုးနည်းနည်းထိခိုက်သွားတယ်” လို့ ပြောပါတယ်။ သတင်း-ဝဏ္ဏခွာညို

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024