အပစ်ရပ်ကာလ ထပ်တိုးမတိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် မူတည်ဟု တပ်မတော် ပြော
နေဖြိုးဝင်း
·
June 23, 2019
တပ်မတော်အနေနဲ့ အပစ်အခတ်တိုက်ခိုက်မှုရပ်ဆဲရေးကာလ ထပ်တိုးမတိုးဆိုတာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆောင်ရွက်မှုအပေါ်မှာ မူတည်ပြီး စဉ်းစားသွားမယ်လို့ တပ်မတော်တာဝန်ရှိသူက ပြောပါတယ်။
နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ဇွန်လ ၂၂ ရက်နေ့က လုပ်တဲ့ တပ်မတော်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေနဲ့ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်တွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန် ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောသွားတာပါ။
“အပစ်ရပ်ထားတဲ့ တိုင်း ၅ တိုင်းမှာရှိတဲ့ အန်စီအေထိုးဖို့ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဒီကာလထဲမှာ အမြန်ဆုံး လက်မှတ်ထိုးဖို့ ညှိနှိုင်းဆွေးနွေးနိုင်အောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အန်အာပီစီအနေနဲ့လည်း ဒါကိုဆောင်ရွက်နေပါတယ်။ ဒီလို ဆောင်ရွက်တဲ့အချိန်မှာ ဆွေးနွေးပွဲတွေမှာ နေရာကို အကြောင်းပြပြီး ဆွေးနွေးပွဲ လုပ်လို့မရသေးတာတွေ ရှိပါတယ်။ ဒါကြောင့်တကယ်ရော သူတို့ ငြိမ်းချမ်းရေးလုပ်ဖို့ ဆန္ဒရှိရဲ့လား ဆိုတာကို ပြန်ပြီးတော့ မေးခွန်းထုတ်ရမလိုဖြစ်နေပါတယ်။ သူတို့ရဲ့ လုပ်ရပ်အပေါ်မှာ၊ ညှိနှိုင်းဆွေးနွေးမှုရလဒ်အပေါ်မှာ မူတည်ပြီး ဆောင်ရွက်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
တပ်မတော်အနေနဲ့ အပစ်ရပ်ထားတဲ့ တိုင်း ၅ တိုင်းထဲမှာ ဘယ်အဖွဲ့တွေ ဘာတွေလုပ်နေတယ်ဆိုတာစောင့်ကြည့်နေပြီး ဒီကာလထဲမှာ အင်အားတည်ဆောက်တာ၊ နယ်မြေတည်ဆောက်တဲ့၊ ဆက်ကြေးကောက်ခံတာ၊ ပြည်သူလူထုအပေါ်မှာ အနိုင်ကျင့်တာတွေ မဖြစ်ဖို့ အမြဲတမ်း သတိပေးတာထားတယ်လို့လည်း ပြောပါတယ်။
တပ်တော်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ကနေ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်နေ့အထိ ရက်ပေါင်း ၁၂၀ အပစ်ရပ် ပေးခဲ့ပြီး နောက်ထပ်ပြီးတော့ ဧပြီ ၃၀ ရက်နေ ဇွန် ၃၀ ရက်အထိ ၂ လ ထပ်တိုးထားတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပြည်သူ ၅ သောင်းလောက် စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။