Home
မြန်မာသတင်း
နယ်ခြားစောင့်တပ်နှင့်တပ်မတော်က မိဇိုင်းတောင်ပေါ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်
DVB
·
June 21, 2019
ကရင်ပြည်နယ် ဘားအံမြို့နယ်၊ မိဇိုင်းတောင်ခြေရွာ၊ မိဇိုင်းတောင်ပေါ်ကို ဇွန် ၂၁ ရက် မနက် ၈ နာရီလောက်က ဘီဂျီအက်ဖ်နဲ့ တပ်မတော်တို့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မိဇိုင်းတောင်ခြေ ဂေါပက ဦးစောတင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။ မိဇိုင်းဆံတော်ရှင်တည်ရှိရာ တောင်ပေါ်မှာ ဒီကေဘီအေခွဲထွက်အဖွဲ့ ခိုအောင်း ရောက်ရှိနေတယ်လို့ သတင်းတွေအရ နယ်ခြားစောင့်တပ်ဖွဲ့ (ဘီဂျီအက်ဖ်) အမှတ်၂၀၁၄ တပ်ရင်း ဗိုလ်မှူးမောင်ချစ် ဦးစီးတပ်ဖွဲ့နဲ့ ကမမောင်းဗျူဟာတို့ ပူးပေါင်းပြီး အခုလို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ဘားအံမြို့နယ်၊ မိဇိုင်းတောင်ခြေရွာ၊ ဂေါပက ဦးစောတင်မြင့်က “BGF ကနေ တဖက်သတ် ပစ်နေတယ်။ ဗိုလ်မှူးမောင်ချစ်တို့က စပစ်တာ။ ဒီမနက် ၈ နာရီကနေ စပစ်တာ။ သူက ဒီမိဇိုင်းတောင်ပေါ်ကို လှမ်းပစ်တာ။ လက်နက်ကြီးနဲ့လည်း ပစ်တယ်။ သေနတ်လေးတွေနဲ့လည်း ပစ်တယ်။ အခုထိလည်း တအောင့်ခြား တအောင့်ခြားပစ်နေတုန်းပဲ။ မိဇိုင်းရွာကနေ လှမ်းပစ်တာ။ တပ်မတော်လည်းပါတယ်” လို့ ပြောပါတယ်။ ဘားအံမြို့နယ်၊ မိဇိုင်းဆံတော်ရှင်တောင်ပေါ်ကျောင်းတိုက်၊ ဆရာတော် စန္ဒာဝရက “ဒီက မူလဆရာတော်ချန်ထားတဲ့ ဒီကေဘီအေအဖွဲ့တွေကတော့ သူတို့ပြန်မပစ်ပါဘူး။ ပစ်စရာလည်း အကြောင်းမရှိဘူးလေ။ ငြိမ်းချမ်းရေးလိုလားတာပဲ။ အားလုံးက ငြိမ်းချမ်းရေးဆွေးနွေးလို့ရှိရင် ရပါတယ်။ မိဇိုင်းဆံတော်ရှင်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ မဖြစ်သင့်ဘူး” လို့ မိန့်ကြားပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဗိုလ်မှူးကြီး မောင်မောင်လတ်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းကြည့်ရာ ဖြစ်စဉ်ကို မသိသေးကြောင်းနဲ့ သူအနေနဲ့ သစ်ပင်စိုက်ပွဲတော်ကို ရောက်ရှိနေတာဖြစ်လို့ ဆက်သွယ်မေးမြန်းကြည့်မယ်လို့ ပြောပါတယ်။ နေ့လယ် ၂ နာရီခွဲလောက်အထိ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်နေစဲပဲလို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။ ဒီကေဘီအေ ခွဲထွက်အဖွဲ့ ခိုအောင်းရောက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ မီးဇိုင်းတောင်ပေါ်ကို အဓိက ထိုးစစ်ဆင်သွားမှာဖြစ်လို့ တောင်ခြေအနီးက မိဇိုင်း၊ ဖားပေါင်၊ တုတ်ကြီး ကျေးရွာသားတွေကို ဘေးလွတ်ရာတိမ်းရှောင်ပေးဖို့ ဇွန်လ ၇ ရက်နေ့ကတည်းက နယ်ခြားစောင့်တပ်က အသိပေးအကြောင်းကြားထားပါတယ်။ ပစ်ခတ်မှုတွေကြောင့် မိဇိုင်းတောင်ခြေ၊ ဖားပေါင်၊ တုတ်ကြီးကျေးရွာသားတွေ စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ကုန်ပြီလို့ ဒေသခံတွေက ပြောပါတယ်။ ရဲမင်းခေါင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024