Home
မြန်မာသတင်း
နိုင်လွတ်လုံဥပဒေဖြင့် တရားစွဲခံထားရသည့် ကရင်နီ လူငယ် ၅ ဦး အဖမ်းခံ
နော်နိုရင်း
·
June 21, 2019
ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ နဲ့ တရားစွဲခံထားရတဲ့ ကရင်နီ လူငယ် ၅ ဦးဟာ ဒီကနေ့ မွန်းလွဲပိုင်းက ရဲတပ်ဖွဲ့ထံမှာ အဖမ်းခံလိုက်ပါတယ်။ လွိုင်ကော်မြို့နယ်၊ ချိကယ်ကျေးရွာအုပ်စုမှာ ဒီကနေ့ ကျင်းပတဲ့ ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားအပြီးမှာ လွိုင်ကော်ခရိုင် ရဲတပ်ဖွဲ့မှူးနဲ့ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဝရမ်းပြပြီး ကရင်နီလူငယ်တွေကို ခေါ်ဆောင်သွားခဲ့တာပါ။ တရားစွဲခံထားရတဲ့ ခွန်းသောမတ်က “ကျနော်တို့က အဖမ်းခံမယ်လို့ ပြောထားပြီးသားပဲ၊ ဒီကနေ့ ကရင်နီအမျိုးသားနေ့ကို ကျနော်တို့ လူငယ်အင်အားစုတွေ တက်ရောက်တာ ဖြစ်ပါတယ်။ ဒီမှာရှိတဲ့ ရဲမှူးနဲ့ တာဝန်ယူထားတဲ့သူတွေအားလုံးက ကျနော်တို့ကို အရပ်ဝတ်တွေနဲ့ ဖမ်းဖို့တော့ လိုပါတယ်။ တာဝန်အရ လုပ်ချင်သပဆို အဲလို လုပ်လို့ရပါတယ်။ ဒီကနေ ထွက်ပြေးမယ်လို့ ကျနော်တို့ ဘယ်တော့မှ မပြောဘူး။ ကျနော်တို့ တလျှောက်လုံး ဒီလွိုင်ကော်မြို့မှာပဲရှိပါတယ်။ ဒါပေမယ့် အိမ်ကိုသွားတာတော့ မကောင်းဘူး၊ ဒီမှာရှိတဲ့လူတွေ အားလုံး ကရင်နီအမျိုးသားတွေ အားလုံးကို ပြောချင်တာ တခုပဲ ရှိပါတယ်။ ကျနော်တို့ရဲ့ တည်ရှိမှု အရှိတရားကို ဘယ်သူမှ လက်မခံဘူး၊ ကျနော်တို့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတယ်ဆိုတဲ့ ကိစ္စကပိုဝေးပါတယ်။ ဒီပြည်နယ်မှာ  ရှိတဲ့လူတွေ အားလုံး စည်းလုံးညီညွတ်မှုရှိဖို့ အင်မတန်အရေးကြီးနေပြီ” လို့ ပြောပါတယ်။ အလားတူ တရားစွဲခံထားရတဲ့ ကရင်နီလူငယ် ကိုမျိုးလှိုင်ဝင်းကလည်း “တရားရုံး ဆင့်ခေါ်စာနဲ့ ကျနော်တို့ကို လာဆင့်ခေါ်ပါ။ ကျနော်တို့ လာပါ့မယ်လို့ ပြောထားရဲ့သားနဲ့ ရဲတပ်ဖွဲ့က ကျနော်တို့ ၆ ယောက်စလုံးရဲ့ အိမ်မှာ လိုက်လံရှာဖွေတယ်။ ကျနော်တို့ မိသားစုတွေ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဟာမျိုးတွေ လုပ်တာတော့ မတရားဘူးလို့ ပြောချင်တယ်။”လို့ ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ ကရင်နီလူငယ်တွေအနေနဲ့ ဒီအမှုနဲ့ပတ်သက်ပြီး လွိုင်ကော်မြို့နယ် တရားရုံးမှာ ဆက်လက် ရင်ဆိုင်ဖြေရှင်း ကြရမှာ ဖြစ်ပါတယ်။ ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီတို့ကို  နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသား သစ္စာဖောက်ဆိုပြီး ကရင်နီ လူငယ်တွေက မတ် ၂၅ ရက်က ထုတ်ပြန်ကြေညာရာမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် လူငယ် ၆ ဦးကို ပြည်နယ်အစိုးရက တရားစွဲထားတဲ့ အမှုဖြစ်ပါတယ်။ အဆိုပါ လူငယ် ၆ ဦးထဲက  ခူးကြူးဖဲကေး (ခေါ်) ဂူးဂူးကိုတော့ အရင်ဖမ်းဆီးတရားစွဲ စစ်ဆေးနေပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကျန်တဲ့လူငယ် ၅ ဦးကတော့ ဒီနေ့မှ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီနေ့ ဇွန်လ ၂၁ ရက်မှာ ကျရောက်တဲ့ ၁၄၄ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားကို လွိုင်ကော်မြို့နယ်၊ ချိကယ်ကျေးရွာအုပ်စု၊ ကေ့ထျိုးဘိုးခန်းမမှာ ကျင်းပခဲ့ရာမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)၊ အန်အယ်လ်ဒီပါတီနဲ့ တိုင်းရင်းသားပါတီတွေ အပြင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့  ဒေသခံ ကရင်နီလူမျိုးစုတွေ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024