Home
မေးမြန်းခန်း
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ် – ကေအန်ယူ
အေးနိုင်
·
November 21, 2012
ကရင်အမျိုးသားအစည်းအရုံးက အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဆက်ဖြေရှင်းဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ ဘားအံခရိုင်မှာ အောက်တိုဘာ ၃၀ ရက်နေ့ကနေ နိုဝင်ဘာ ၂၀ ရက်နေ့အထိ ကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးမှာ ဘုံသဘောတူညီချက်ရခဲ့ကြတယ်လို့ ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်က ပြောပါတယ်။ အစည်းအဝေးမှာ လတ်တလောနိုင်ငံရေးအခြေအနေနဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ပြန်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ် ၃ ရပ်ကို ချမှတ်ခဲ့ပြီး အဲဒါတွေကတော့ ကေအန်ယူဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည်ဖော်မယ်။ စစ်မှန်တဲ့ပြည်ထောင်စုပေါ်ပေါက်ဖို့ တိုင်းရင်းသားလူမျိုးစုတွေ၊ ဒီမိုကရေစီအင်အားစု တွေရဲ့ဆန္ဒနဲ့ အညီ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့အချက်နဲ့  စစ်မှန်တဲ့ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့ နဲ့ ကရင်အမျိုသားတွေ တန်းတူအခွင့်အရေးရဖို့နဲ့ အကျိုးခံစားခွင့်ရဖို့အတွက် ပြည်တွင်းပြည်ပ ကရင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ် ဆိုတဲ့အချက်တွေဖြစ်ပါတယ်။ အစည်းအဝေးတက်လာကြတဲ့ ဗဟိုကော်မတီဝင် ၄၀ ဦး ဟာ ကေအန်ယူအဖွဲ့တွင်း အခြေအနေ၊ လတ်တလောဖြစ်ထွန်းနေတဲ့ နိုင်ငံရေးအခြေအနေအရပ်ရပ်အပေါ် အကျေ အလည် ဆွေးနွေးခဲ့ကြပါတယ်။ ဒီအစည်းအဝေးနဲ့ပတ်သက်လို့ ကေအန်ယူ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်ကို မေးမြန်းထားပါတယ်။ ဘာတွေ ဆွေးနွေးခဲ့ကြလဲခင်ဗျ။ [caption id="attachment_14974" align="alignright" width="300" caption="ပဒို မန်းငြိမ်းမောင်"][/caption] “အဓိကကတော့ ဗမာပြည်နိုင်ငံရေးရဲ့ အလှည့်အပြောင်းပေါ့။ သမ္မတကြီး ဦးသိန်းစိန်တက်လာပြီးနောက်ပိုင်း တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ ကျနော်တို့ ကရင်အမျိုးသားအစည်းအရုံး ကရင်တော်လှန်ရေးအနေနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ခဲ့တယ်။ အဲဒီအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်။ အမြင်မတူတာတွေကိုလည်း ကျနော်တို့ ညှိနှိုင်းပြီးတော့ ဘုံအမြင်တခုကို ကျနော်တို့ ချမှတ်နိုင်ခဲ့တယ်။ အဲဒါကတော့ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းသွားမယ်၊ အဲဒီကတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသွားဖို့ ကျနော်တို့ ဆုံးဖြတ်ချက် ချခဲ့တယ်။ ညီလာခံမတိုင်ခင်မှာ ထိပ်ပိုင်းတာဝန်ရှိသူတချို့ ဖယ်ရှားခဲ့ပြီး ပြန်လည်ခန့်အပ်တာနဲ့ ပတ်သက်လို့ အန်ကယ်တို့အစည်းအဝေးမှာ တသားတည်း ပြန်ဖြစ်သွားပြီလား။ “မကြာခင်က ကွယ်လွန်သွားတဲ့ ပဒိုဒေးဗစ်ထောကလွဲပြီး ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးရယ်၊ ဗိုလ်မှူး ရော်ဂျာခင်ရယ်  ဒီအစည်းအဝေးမှာ ပါပါတယ်။ အကုန်လုံး တညီတညွတ် တသားတည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ကာလ ဆက်သွယ်မှုအားနည်းခဲ့တဲ့အတွက် တဦးနဲ့တဦး လွဲမှားတဲ့ကိစ္စကိုလည်း ဗဟိုကော်မတီစုံညီအစည်းအဝေးမှာ ကျေကျေညက်ညက် အပြန်အလှန်ဆွေးနွေးပြီးတော့ ချေဖျက်နိုင်ခဲ့ပါတယ်။” အစိုးရနဲ့ အန်ကယ်တို့ နောက်တကြိမ်တွေ့ဆုံပွဲက ရက်သတ်မှတ်တာတို့၊ လူပုဂ္ဂိုလ် ရွေးချယ်တာတွေရော စီစဉ်ဖြစ်ပါသလား။ “အခုလောလောဆယ် မရှိသေးပါဘူး။ အခု ဗဟိုကော်မတီအစည်းအဝေးက သက်တမ်းအရ လေးနှစ်ဆိုတော့ အခုက ၂၄ ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေးဖြစ်တဲ့အတွက် ဒီဟာပြီးရင် မကြာမီ ၁၅ ကြိမ်မြောက် ကေအန်ယူ ကွန်ဂရက်ကို ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီကွန်ဂရက် ကျင်းပပြီးတဲ့နောက်မှာ နောက်ထပ်  ရွေးချယ်တင်မြှောက်ခံရတဲ့ ခေါင်းဆောင်အသစ်တွေနဲ့ နိုင်ငံတော်အစိုးရနဲ့ ဆက်လက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကျနော်တို့ ဆက်လက်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတက ရန်ကုန်မြို့ကို လာခဲ့တယ်။ ဒီဖြစ်ထွန်းမှုကို အန်ကယ်တို့ ဘယ်လို သုံးသပ်ခဲ့ကြလဲ။ “ဗမာပြည်နိုင်ငံရေး ဖြစ်စဉ်သမိုင်းတလျှောက်မှာ စစ်အာဏာရှင် ကြီးစိုးမှုဟာ ရာစုနှစ်နဲ့ ချီခဲ့တော့ အင်မတန်ဖောက်ပြန်မှားယွင်းတဲ့ စနစ်တွေနဲ့ကြုံခဲ့ရလို့ ကျနော်တို့ တိုင်းပြည်ဟာ တော်တော် ဆင်းရဲမွဲတေပြီးတော့ နိုင်ငံတကာကလည်း ၀ိုင်းပယ်ခဲ့တယ်။ အခု ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေကို တကယ်ဖော်ဆောင်ခဲ့တယ်လို့ ကျနော်တို့ကလည်း ယုံကြည်တယ်။ တဆက်တည်းမှာ တိုင်းရင်းသားတွေနဲ့ ဖြစ်ပေါ်နေတဲ့ ကာလကြာရှည်ခဲ့တဲ့ ပဋိပက္ခတွေကိုလည်း တကယ်ချုပ်ငြိမ်းနိုင်အောင် သမ္မတက ဦးဆောင်ပြီး သူ့ရဲ့ တာဝန်ပေးခန့်အပ်ခံရတဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ကျနော်တို့ တွေ့ဆုံဆွေးနွေးပြီး ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုကို အမှန်တကယ်ပဲ ဆောင်ရွက်နေတဲ့ ဖြစ်စဉ်မှာ အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန် သမ္မတကြီးက ကျနော်တို့ တိုင်းပြည်မှာ လာအားပေးကူညီပြီးတော့ လိုအပ်တာတွေ လက်တွဲသွားဖို့အတွက် ကျနော်တို့တိုင်းပြည်ကို လာပြီးတော့ ဂုဏ်ပြုတယ်လို့ပဲ မြင်ပါတယ်။” ကချင်ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်ပြီး ဒုက္ခသည်တွေ ၁ သိန်းလောက်ဖြစ်နေတာ၊ နောက် ရခိုင်မှာ အကြမ်းဖက်မီးရှို့မှုတွေဖြစ်ပွားနေတာ၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ သုံးသပ်ချက် တစိတ်တပိုင်းကို ပြောပြပေးပါလား။ “အဲအပေါ်မှာတော့ ထွေထွေထူးထူး မသုံးသပ်ပါဘူး။ အနောက်ဘက်မှာ လူမျိုးရေးပဋိပက္ခဖြစ်တဲ့အခါ ကျနော်တို့ တိုင်းပြည်မှာဖြစ်လေ့ဖြစ်ထရှိတဲ့ လူမျိုးစွဲ၊ ဘာသာစွဲ၊ နယ်မြေစွဲတွေနဲ့ ဖြစ်လေ့ရှိတာပဲ။ ဥပမာ ကျနော်တို့ ကရင်တွေဆိုရင် လူမျိုးရေးအဓိကရုဏ်းဖြစ်ခဲ့ရတာ ၂ ကြိမ်၊ ၃ ကြိမ်တောင် ရှိခဲ့တာပါ။ ဒါတွေက မြန်မာပြည်မှာ ဖြစ်လေ့ရှိတဲ့ လူမျိုးရေးပဋိပက္ခတွေပဲ။ ကချင်ကတော့ သူ့ရဲ့ ထူးခြားတဲ့ အခြေအနေတွေ ရှိမယ်လို့ ထင်ပါတယ်။ ကချင်က ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့ပြီးတော့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးပမ်းခဲ့တယ်။ ဒါပေမယ့် အသိအမှတ်ပြုခြင်းမခံခဲ့ရဘူး၊ ဖြေရှင်းခြင်းမခံခဲ့ရဘူး။ ဒီအပေါ် သူတို့ပြန်ပြီးတော့ ပဋိပက္ခဖြစ်ခဲ့ကြတယ်။ ကချင်ရဲ့တောင်းဆိုမှုက နိုင်ငံတော်အစိုးရရဲ့ သဘောထားနဲ့ ယခင်ကာလတွေကတော့ အနည်းငယ်ကွာဟမှုရှိတော့ အခု အစိုးရရဲ့ တာဝန်ရှိတဲ့ ခေါင်းဆောင်တွေက ကြိုးပမ်းတဲ့အပေါ်မှာ အများကြီးနီးစပ်လာတယ်လို့ သုံးသပ်မိပါတယ်။” ၂၀၁၅ ခုနှစ်မတိုင်မီမှာ ပင်လုံကဲ့သို့ညီလာခံဆိုပြီး အစိုးရကနေပြောနေတယ်၊ ဆောင်ရွက်နေတယ်ပေါ့။ ဒါနဲ့ပတ်သက်လို့ ကေအန်ယူရဲ့ အခန်းကဏ္ဍကရော ဘယ်လိုမြင်ပါလဲ။ “မြန်မာပြည်မှာ တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြတော့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ၊ တိုင်းရင်းသားအသီးသီးရဲ့ ကိုယ်ပိုင်အခွင့်အရေးကို မှန်မှန်ကန်ကန်ဖြေရှင်းမယ်ဆိုရင် နိုင်ငံတော်အစိုးရရဲ့ ပင်လုံကဲ့သို့သော ညီလာခံမျိုးကို ကျနော်တို့ တိုင်းရင်းသားတွေကလည်း မျှော်မှန်းပါတယ်။ ကြိုးပမ်းတာတွေ၊ ပြင်ဆင်တာတွေ ရှိတော့ အစိုးရနဲ့ တိုင်းရင်းသားတွေရဲ့ ပြင်ဆင်မှုတွေ၊ မျှော်မှန်းချက်တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုရင်တော့ ဖြစ်ထွန်းတိုးတက်မှုတွေ၊ အောင်မြင်မှုတွေ ရရှိမယ်လို့ မြင်ပါတယ်။” ရက်ပေါင်း ၂၀ ကြာ အစည်းအဝေးနဲ့ပတ်သက်လို့ အထူးတလည် ဘာများပြောချင်တာရှိပါသေးလဲ။ “ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ အကျေအလည်ပြန်လည်သုံးသပ်ခဲ့ကြတယ်။ အမြင်ကွဲလွဲမှုတွေကိုလည်း အမြင်တူတဲ့အထိ ညှိနှိုင်းဖြေရှင်းခဲ့ကြတယ်။ ရှေ့ကို ရင်ဆိုင်ရမယ့် စိန်ခေါ်မှု၊ အကဲစမ်းမှုတွေကို ညီညီညွတ်ညတ်နဲ့ ဆက်လက်ရင်ဆိုင်ပြီးတော့ တော်လှန်ရေးတာဝန်၊ အမျိုးသားရေးတာဝန်၊ ပြည်ထောင်စုတာဝန်တွေကို ဆက်လက် ထမ်းဆောင်သွားဖို့ တညီတညွတ်တည်း သဘောထားကြပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024