Live
Home
မြန်မာသတင်း
မုံရွာကလေးဆေးရုံကြီးတွင် သေဆုံးသည့်ကလေး H1N1 ကြောင့်မဟုတ်ဟု တာဝန်ရှိသူပြော
DVB
·
June 21, 2019
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိန္ဒိယ-မြန်မာချစ်ကြည်ရေး ကုတင် ၁၀၀ ဆံ့ သားဖွားမီးယပ်နှင့် ကလေးဆေးရုံကြီးမှာ ကလေးငယ်တဦး ဆေးကုသမှုခံယူနေရင်း ဇွန်လ ၁၅ ရက်က သေဆုံးသွားပါတယ်။ သေဆုံးသူ ကလေးက ၆ လသားအရွယ်ဖြစ်ပြီး ကလေးမှာ H1N1 ပိုးတွေ့ပေမယ့် H1N1 ကြောင့် သေဆုံးခဲ့တာမဟုတ်ဘဲ ဦးနှောက်အမှေးပါးရောင်ရောဂါ ကြောင့်သာ သေဆုံးသွားခဲ့တာလို့ ကုတင် ၁၀၀ ဆေးရုံတာဝန်ရှိ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်သိန်းက ပြောပါတယ်။ “ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A) အနေနဲ့တော့ အခုထိ ၄ ယောက်တွေ့တယ်။ အဲဒီထဲမှာ H1N1 စစ်တာကတော့ ၂ ယောက်စစ်တယ်။ အဲဒီ ၂ ယောက်ထဲမှာ ၁ ယောက်က သေသွားတယ်။ အဲဒါကတော့ ကလေးက ၆ လနဲ့ ဦးနှောက်အမှေးရောင် အဖျားကြီး၊ တက်ပြီးလာတယ်။ အဲဒါက သေသွားတယ်။ နောက်တယောက်ကတော့ သာစည်ရွာဖက်က ကလေးတွေ ၂၀ လောက် တုပ်ကွေးမိသလို ဖျားကြတယ်။ အဲဒီထဲက ၃ ယောက်ရောက် ဆေးရုံတက်လာတယ်။ ဖျားတယ်။ အန်တယ်။ နှာခေါင်းသွေးယိုတယ်။ သွေးလွန်တုပ်ကွေးလား ဘာလားဆိုပြီး တက်လာတယ်။ စစ်တော့ H1N1 ၁ ယောက်မှာ တွေ့တယ်။ တွေ့ပေမယ့် ကလေးတွေက ကောင်းပြီးပြန်ဆင်းသွားပြီ။ ဘာပြဿနာမှ မရှိပါဘူး။ သေတာကတာ့ ဦးနှောက်အမှေးရောင်ကြောင့် သေသွားတာပေါ့။ ဦးနှောက် အမှေးရောင်က ဘာပိုးကြောင့်ဖြစ်ဖြစ် သေနိုင်ပါတယ်။” မုံရွာမြို့မှာ H1N1 နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေလည်းရှိနေကြပါတယ်။ ဒါနဲ့ပတ်သက်လို့ အစိုးရိမ်မလွန်ကြဖို့ ကိုယ်လက်သန့်ရှင်းဖို့၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားသောက်ကြဖို့ ကိုလည်း မှာကြားထားပါတယ်။ အခုနှစ်အတွင်း တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၀၀ ဦးခန့် စစ်ကိုင်းတိုင်းမှာဖြစ်ပွားခဲ့ပြီး အဲဒီထဲမှာ သွေးလွန်မဟုတ်ဘဲ ရိုးရိုးတုပ်ကွေးနဲ့ တက်လာတဲ့ ကလေးက အများစုဖြစ်ကာ ၁ ဦးသာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း ဆေးရုံကြီးမှာ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A) ပိုးတွေ့ရှိထားသူ ကလေးငယ်တဦး ဆေးကုသမှုခံယူနေပါတယ်။ ဒီအခြေအနေကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက သွားရောက်ကြည့်ရှုခဲ့ပါသေးတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် ၂၀၁၇ ခုနှစ်က ၁၄၆၂ ယောက်ဖြစ်ပွားခဲ့ပြီး ၆ ယောက်သေဆုံးခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်းမှာတော့ ၈ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ တကမ္ဘာလုံးရှိ လူဦးရေရဲ့ ၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းထိ နှစ်စဉ် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး ဖြစ်ပွားသူရဲ့ ၁ ရာခိုင်နှုန်းအောက်သာ သေဆုံးမှုရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်အတွင်း တုပ်ကွေးရောဂါပိုးစစ်ဆေးသူ ၁၁၆၅ ဦးအနက် ၄၅၈ ဦးမှာ ပိုးတွေ့ရှိခဲ့ပြီး ၄၀၆ ဦးမှာ Influenza A(H1N1)pdm09 ပိုးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၃၈ ဦးရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း တုပ်ကွေးပိုးစစ်ဆေးသူ ၃၆၇ ဦးအနက် ၁၁၈ ဦးမှာ တုပ်ကွေးပိုးတွေ့ခဲ့ပြီး ၁၃ ဦးမှာ Influenza A(H1N1) pdm09 ပိုးတွေ့ရှိခဲ့ပြီး သေဆုံးသူ မရှိဘူးလို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ စုစုပေါင်း လူနာ ၁၅ ဦးမှာ Influenza A(H1N1)pdm09 ပိုးတွေ့ရှိခဲ့ပြီး သေဆုံးမှုအနေနဲ့ Influenza A(H1N1)pdm09 ပိုးကြောင့် ရန်ကုန်တိုင်းက ၅ ဦးနှင့် စစ်ကိုင်းတိုင်းက ၁ ဦး၊ စုစုပေါင်း ၆ ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေက သက်ကြီးရွယ်အိုတွေ၊ အသက်ငယ်လွန်းသူတွေနှင့် နာတာရှည်ရောဂါ အခံရှိသူတွေဖြစ်ကြောင့် တွေ့ရှိရတယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024