Home
မြန်မာသတင်း
Uab ဘဏ်ခွဲမန်နေဂျာ ကျပ်သိန်း ၈၀၀၀ ကျော် အလွဲသုံးစားပြုပြီး တိမ်းရှောင်နေ
DVB
·
June 21, 2019
ငွေကျပ်သိန်း ၈၀၀၀ ကျော် အလွဲသုံးစားပြုပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ uab ဘဏ်ခွဲ တာဝန်ခံတဦးအား ဖမ်းဆီးမိရေး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ uab ဘဏ်က ဇွန် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ရှိ uab bank ရဲ့ ဘဏ်ခွဲတခုဖြစ်တဲ့ ဒိုင်းမွန်းပလာဇာဘဏ်ခွဲရဲ့ တာဝန်ခံဖြစ်သူ အကြီးတန်းမန်နေဂျာ ဦးရန်နိုင်မျိုးဆွေဟာ ဘဏ်မှ Customer တဦးရဲ့ ငွေစာရင်းရှိ ငွေကျပ် ၈၀၆,၂၉၄,၂၅၆ အား မသမာသောနည်းလမ်းတွေနဲ့ မမှန်မကန် စာရင်းရေးသွင်းချက်တာတွေ ပြုလုပ်ခဲ့တာကို စာရင်းပိုင်ရှင်ရဲ့ တိုင်ကြားချက်အရ ဇွန် ၁၀ ရက်နေ့က စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ ငွေစာရင်းပိုင်ရှင်ရဲ့ စာရင်းအမှတ် ၁ စာအုပ်မှာ ငွေကျပ် ၆၆၅,၅၀၀,၀၀၀၊ စာရင်းအမှတ်၂  စာအုပ်မှာ ငွေကျပ် ၁၄၀,၇၉၄,၂၅၅.၆၂ လို့ ရိုက်နှိပ်ဖော်ပြထားပေမယ့် အမှန်တကယ်ရှိနေတဲ့ ငွေစာရင်းမှာ စာရင်းအမှတ် ၁ စာအုပ်မှာ ငွေလက်ကျန် ကျပ် ၁၀၀,၀၀၀ နဲ့ စာရင်းအမှတ် ၂ စာအုပ်မှာတော့ ငွေသားလက်ကျန်မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။ ဘဏ်ခွဲတာဝန်ခံ အကြီးတန်း မန်နေဂျာ ဦးရန်နိုင်မျိုးဆွေဟာ ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့က ရည်ရွယ်ချက်ရှိရှိ နုတ်ထွက်စာတင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ ဘဏ်တာဝန်ရှိသူတွေက နည်းလမ်းအမျိုးမျိုးနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်းမရှိဘူးလို့ ဆိုပါတယ်။ ဘဏ်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ ဦးရန်နိုင်မျိုးဆွေဟာ Customer ရဲ့ ယုံကြည်မှုကို အလွဲသုံးစားပြုကာ ကိုယ်ကျိုးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိသာထင်ရှားတဲ့  ဇွန် ၁၈ ရက်နေ့က အမှတ် (၈) ရဲစခန်း (ချမ်းအေးသာဇံမြို့နယ်) မှာ (ပ) ၅၄၉/ ၂၀၁၉၊ တည်ဆဲ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၈ ၊ ၄၆၈ တို့နဲ့ အမှုဖွင့်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဦးရန်နိုင်မျိုးဆွေအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး အမြန်ဆုံးဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပြီး အမှုမှန်ပေါ်ပေါက်စေရေးအတွက် လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းများအတိုင်း အမြန်ဆုံးတာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးသွားမယ်လို့ uab bank က ဆိုပါတယ်။ ဦးရန်နိုင်မျိုးဆွေအား လက်ခံပေးထားသူတွေနဲ့ ပြစ်မှုအား တိမ်းရှောင်နိုင်ဖို့ ကူညီပေးနေသူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ဦးရန်နိုင်မျိုးဆွေနဲ့ ပတ်သက်ပြီး အလားတူဖြစ်ရပ် ကြုံတွေ့ပေါ်ပေါက်နေသူများ ရှိပါက နီးစပ်ရာ ရဲစခန်းကို အမြန်ဆုံး အကြောင်းကြားပေးဖို့ uab bank က မေတ္တာရပ်ခံထားပါတယ်။ မန္တလေးမြို့မှာ နေထိုင်တဲ့ စာရင်းပိုင်ရှင်ဖြစ်သူ Customer အား သွားရောက်တွေ့ဆုံခဲ့ပြီး ပေါ်ပေါက်ခဲ့တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး uab ဘဏ်က တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024