ကြက်ခြေနီအဖွဲ့က ပေးပို့သည့် လူသားချင်းစာနာမှု အထောက်အပံ့များ ဗင်နီဇွဲလားသို့ ရောက်ရှိ

ကြက်ခြေနီအဖွဲ့က ဒုတိယအကြိမ်မြောက် ပေးပို့လိုက်တဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေဟာ ဗင်နီဇွဲလားနိုင်ငံကို ဇွန်လ ၁၉ ရက်နေ့က ရောက်လာပြီလို့ ကြက်ခြေနီအဖွဲ့ ကိုယ်စားလှယ်တယောက်က ပြောပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ ကြုံတွေ့နေရတဲ့ စီးပွားရေး အကျပ်အတည်းတွေ လျော့ပါးသက်သာစေဖို့ ရည်ရွယ်ချက်နဲ့ ကြက်ခြေနီအဖွဲ့က အခုလို အထောက်အပံ့တွေ ပေးပို့လိုက်တာပါ။ ပနားမားနိုင်ငံကနေ ပေးပို့လိုက်တဲ့ အကူအညီတွေထဲမှာ မီးစက်တွေ၊ ဆေးပစ္စည်းတွေနဲ့ ဆေးဝါးတွေပါပြီး ဗင်နီဇွဲလားနိုင်ငံတဝန်းက ဆေးရုံတွေကို ဖြန့်ဝေပေးသွားမှာပါ။ ကြက်ခြေနီအဖွဲ့ဟာ ဧပြီလမှာ ဗင်နီဇွဲလားနိုင်ငံကို အထောက်အပံ့တွေ ပထမဆုံး ပေးပို့ခဲ့ပြီး လာမယ့်သီတင်းပတ်တွေမှာ တတိယမြောက်အသုတ် အကူအညီတွေ ထပ်ရောက်နိုင်ဖို့ ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုက လက်ရှိသမ္မတ မာဒူရိုရဲ့ ၂၀၁၈ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိနေတယ်လို့ စွပ်စွဲပြီး သူ့ကိုယ်သူ ဗင်နီဇွဲလား ယာယီသမ္မတအဖြစ် ကြေညာခဲ့တဲ့ ဇန်နဝါရီလကတည်းက ဗင်နီဇွဲလားနိုင်ငံဟာ မတိုးသာ မဆုတ်သာ နိုင်ငံရေးအခြေအနေ ဆိုက်ရောက်နေတာပါ။ ဗင်နီဇွဲလားနိုင်ငံသား လေးပုံတပုံလောက်ဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကုသမဂ္ဂက ခန့်မှန်းပါတယ်။ ဒါ့အပြင် လူပေါင်း ၁ ဒသမ ၉ သန်းဟာ အာဟာရချို့တဲ့နေပြီး နောက်ထပ် အယောက် သုံးသိန်းလောက်ဟာလည်း ဆေးဝါးပစ္စည်း ပြတ်လပ်တာကြောင့် အသက်အန္တရာယ် ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up